CNI International News

အင်ဖာ၊ နိုဝင်ဘာ ၁၆

အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် လွတ်လပ်စွာလှုပ်ရှားသည့်အုပ်ချုပ်ရေးယန္တရား (FMR) ကို မြန်မာနိုင်ငံ၏ လက်ရှိ တရားဥပဒေစိုးမိုးရေးအခြေအနေအရ နောက်ထပ် ၃ လဆိုင်းငံ့ထားမည်ဖြစ်ကြောင်း အိန္ဒိယအခြေစိုက် Frontier Manipur မီဒီယာက ရေးသားဖော်ပြသည်။

ထိုသို့ FMR ကိုဆိုင်းငံ့ထားရန် မဏိပူရပြည်နယ်အစိုးရက အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၎င်းအစိုးရသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၅ ရက်ကလည်း အိန္ဒိယ-မြန်မာနယ်စပ်တလျှောက် FMR အစီအစဉ်ကို ရက်ပေါင်း ၆၀ ယာယီဆိုင်းငံ့ခဲ့ပြီးဖြစ်သည်။

“FMR ဟာ မြန်မာနိုင်ငံမှာ လက်ရှိတရားဥပဒေစိုးမိုးရေးအခြေအနေကြောင့် ဆိုင်းငံ့ခဲ့ရပါတယ်။ အဲဒီအတွက် အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားအရေအတွက်လည်း တိုးလာနိုင်တယ်လို့ ယူဆရပါတယ်” ဟု မဏိပူရပြည်နယ်အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် အမိန့်ထုတ်ခဲ့သည်။

အင်ဖာမြို့ရှိ မဏိပူရတက္ကသိုလ်(ဓါတ်ပုံ-CNI)

“အခု နိုဝင်ဘာ ၁၅ ရက်အထိပဲ နယ်စပ်ဂိတ်ကို နှစ်ဖက်စလုံးလူများ ဝင်ထွက်သွားလာနိုင်ဖို့ တရားဝင်ဖွင့်လှစ်ခဲ့ ပါတယ်” ဟု ပြည်ထဲရေးလက်ထောက်အတွင်းဝန် ပီတာဆလမ်က ပြည်နယ်အစိုးရ၏အမိန့်နှင့်ပတ်သက်၍ ပြောကြားခဲ့သည်။

“ဒီအမိန့်ကို သက်ဆိုင်ရာခရိုင်တရားသူကြီးတွေက တင်းတင်းကျပ်ကျပ် လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

တမူး-ခမ်ပက်လမ်းတလျှောက် မလိုအပ်ဘဲခရီးသွားခြင်းကို ရက်သတ္တတစ်ပတ်ကြာ ရှောင်ရှားကြဖို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (တမူး PDF) က သတိပေးထားသည်။ ၎င်းအဖွဲ့သည် မြန်မာစစ်တပ်အုပ်ချုပ်ရေးကို ဆန့်ကျင်နေသူများဖြစ်ကြသည်။

မြန်မာနိုင်ငံရှိ အာရှလမ်းမကြီး၏ အစိတ်အပိုင်းဖြစ်သော တမူး-ခမ်ပက်လမ်းကြောင်းသည် အိန္ဒိယနယ်နိမိတ်မျဉ်း (BP 76-72) တလျှောက် ဖောက်လုပ်ထားခြင်းဖြစ်ပြီး ထိုနေရာတဝိုက်သို့ အိန္ဒိယဘက်မှ ရွာသူရွာသားများ မကြာခဏ လာရောက်လေ့ရှိကြသည်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရှိ အင်ဖာမြို့လမ်းညွှန်ဆိုင်းဘုတ်(ဓါတ်ပုံ-CNI)

၎င်းတို့၏တရားဝင်အင်တာနက်စာမျက်နှာတွင် တမူး PDF တပ်ရင်း ၃ က ထုတ်ပြန်ချက်တစ်စောင် လွှင့်တင်ခဲ့ရာ “ပြည်သူများ မဖြစ်မနေ ဆေးဝါးကုသရေးအတွက်သာ ယခုလမ်းကြောင်းကို သုံးစွဲသွားလာကြရန်” သတိပေးထား သည်။

“အခုအချိန်မှာ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တပ်ရင်းကနေ တာဝန်ယူထားတဲ့အချိန်ပါ။ မိမိတို့တပ်ဖွဲ့ဝင် တွေနဲ့ မြန်မာစစ်တပ်အကြား အခြေအနေတင်းမာနေလို့ တိုက်ပွဲတွေ နေ့ရောညပါ အချိန်မရွေးဖြစ်ပွားနိုင်ပါတယ်” ဟု ၎င်းတို့က ထုတ်ပြန်ထားသည်။

အရေးပေါ်ကျန်းမာရေးကိစ္စမှအပ အာရှလမ်းမကြီး၏အစိတ်အပိုင်းဖြစ်သော တမူး-ခမ်ပက်-ကလေးလမ်းကြောင်း နိုဝင်ဘာ ၁၂ ရက်မှ ရက်သတ္တတစ်ပတ်အတွင်း ခရီးသွားလာခွင့် တားမြစ်ထားကြောင်း သိရသည်။

Source: Frontier Manipur