CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉

ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမားနှင့် နစက၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ နိုဝင်ဘာ ၈ ရက်က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များအား ပိုမိုတိုးမြှင့်ရေး အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် ကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်ဟု နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

အိန္ဒိယသံအမတ်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံနေစဉ်

တပ်မတော်က နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာထားသည့် ကာလ နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများ ကြုံတွေ့နေရစဉ် အိမ်နီးချင်းနိုင်ငံဖြစ်သော အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဆင့် ခန့်အပ်လွှာအား နစကသို့ ပေးအပ်ထားသလို နှစ်နိုင်ငံ ဆက်ဆံရေးကိုလည်း တရားဝင် ဆောင်ရွက်လျက်ရှိနေသည်။

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်အေးချမ်းရေးကိုလည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။