CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ နေရာအများစု နိုင်ခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ် အတိုင်း သာ လက်ခံပေးရန် သဘောထားရှိပါက အာဆီယံနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံညှိနှိုင်း၍လည်း အဆင်ပြေ မှာ မဟုတ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI   သတင်းဌာနသို့ ပြောသည်။

အာဆီယံ အထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်များ အားလုံးသည် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်မှသာ ပြဿနာပြေလည်ရေးလမ်းစ ရရှိ နိုင်မည်ဟု ယုံကြည်ကြောင်း NLD မှ ယနေ့ (နိုဝင်ဘာ ၈ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ်

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းက “တွေ့ပြီးတဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ဆီက အခု လက်နက် ကိုင် တိုက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားရယ်၊ အခု ကျနော်တို့ နစက-က လျှောက်နေတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သဘောထားရယ်၊ အဲဒီအပေါ်တွေမှာ သူ့သဘောထား တစ်ခုခုပေါ့၊ ဖြစ်လာလို့ရှိရင် အဲဒီ သဘော ထား ဘယ်လို ဖော်ပြသလဲဆိုတဲ့ အပေါ်မှာ ကောင်းလာနိုင်တယ်၊ ကောင်းလာနိုင်တယ်ဆိုတာက အခုတပ်နဲ့ အခု နိုင်ငံရေးပါတီတွေပေါ့ဗျာ၊ နိုင်ငံရေးပါတီတွေက လက်ခံတဲ့ အနေအထားမျိုး ရှိလို့ရှိရင် ဒီလမ်းကြောင်းပေါ် NLD လည်း လျှောက်လာမယ် ဆိုလို့ရှိရင်တော့ အခြေအနေတွေက ကောင်းလာနိုင်တာပေါ့၊ NLD က အခုလျှောက်နေ တဲ့ သူတို့လျှောက်နေတဲ့ လမ်းကြောင်းကို သဘောမတူဘူး။ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပဲ ပြန်ပြီးတော့ ဖြစ်ဖို့ သဘောထားပဲ ရှိတယ်ဆိုရင်တော့ ကျနော်ထင်တယ်၊ ဆက်ပြီးတော့ ညှိနှိုင်းဖို့ ရနိုင်မယ် မထင်ဘူး။ ဒီဖက်ကတော့ သူတို့ လျှောက်စရာရှိတဲ့ လမ်းကို ဆက်လျှောက်မယ်လို့ မြင်နေရတယ်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ NLD ၏ ထုတ်ပြန်ချက်မှာ ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပြဿနာနှင့် ပတ်သက်၍ ကြေညာချက် ထုတ် ပြန်ခြင်း ဖြစ်နိုင်ကြောင်း၊ တိုင်း‌ရင်းသားအရေးမှာ ရေရှည်ဖြေရှင်းရမည် ကိစ္စဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒေါ်‌အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး အမြန်ဆုံး လွတ်မြောက်ရေးကို ကမ္ဘာ့ ခေါင်းဆောင်များ အနေဖြင့် ဦးစားပေး ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ် သတ်မှတ် အကောင်အထည် ဖော်သင့်ကြောင်း NLD က ထုတ်ပြန်ခဲ့သည်။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန် သက်ဆိုင်သူများ အားလုံး ပါဝင် သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ပြုလုပ်မည်ဆိုပါက ပို၍ အဆင်ပြေမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုတွေ့ရစဉ် (AFP)

၎င်းက “အဲဒါက ကျနော်တို့ ဒီလက်ရှိဖြစ်နေတဲ့ ပဋိပက္ခက နံပတ်တစ်အချက်က ကျနော်တို့ ဒီတွေ့ဆုံ ဆွေးနွေးမှု ပေါ့နော်၊ သက်ဆိုင်တဲ့သူတွေ အားလုံးက ပါဝင်တဲ့ တွေ့ဆုံဆွေး‌နွေးမှု လုပ်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ အဆင်ပြေ မယ် အဲဒီမှာ တွေ့ဆုံဆွေးနွေးမှုဆိုတာလည်း ကျနော်တို့ ဒီဆန္ဒစွဲ၊ အတ္တစွဲပေါ့၊ ဒီအစွဲကင်းကင်းနဲ့ပဲ ကျနော်တို့ တွေ့ဆုံ ဆွေးနွေးဖို့ လိုတယ်၊ ခုနက ပြောသလိုပေါ့၊ ဒီအာဆီယံတို့ ဘာတို့ ထုတ်တဲ့ကိစ္စပေါ့နော် အထူးသဖြင့် NLD တွေ ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်လာခဲ့မယ်၊ ဆွေးနွေးနိုင်မယ်ဆိုလို့ရှိရင် ပိုပြီးတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံ ရေး အကျပ်အတည်းကို ကျော်လွှားနိုင်မလားပေါ့ဗျာ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် အပါအဝင် NLD ပါတီ ခေါင်းဆောင်အချို့ကို ဖမ်းဆီး ထိန်းသိမ်းထားသည်။