CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

ထိုင်းနိုင်ငံတွင် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သည့် နိုင်ငံခြားသားများအား နှိမ်နင်းရန် ညွှန်ကြားထားသဖြင့် ဗီဇာသက်တမ်း ကျော်လွန်နေသည့် မြန်မာများအနေဖြင့် လက်ရှိတွင် အမြန်ဆုံး သက်တမ်းတိုးကြရန် လိုအပ် ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

အထောက်အထားမဲ့များအား နေ့စဉ် အဖမ်းအဆီးများ ပြုလုပ်နေသော်လည်း ယခုကဲ့သို့ ညွှန်ကြားလိုက်သည့် နောက်တွင် အဖမ်းအဆီးများမှာ ပိုမိုများပြားလာဦးမည်ဖြစ်သည့်အတွက် မြန်မာများအနေဖြင့် အမြန်ဆုံး သက်တမ်းတိုးကြရန် လိုအပ်ခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသည့် ကိုသားကြီးက CNI သို့ပြောသည်။

“ပထမဦးဆုံး ထိခိုက် အဖမ်းအဆီးခံရမှာတွေကတော့ မြန်မာနိုင်ငံသားတွေပဲ။ ဘာကြောင့်လဲဆိုတော့ ထိုင်းမှာက မြန်မာနိုင်ငံသားအများဆုံးရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ Tourist နဲ့ဝင်တာပဲဖြစ်ဖြစ် business နဲ့ပဲဖြစ်ဖြစ် နောက် work permit ပဲဖြစ်ဖြစ်ပေါ့။ ဗီဇာတွေစစ်ဆေးမယ်။ သက်တမ်းတိုးလို့ရတဲ့ အုပ်စုလည်း တိုးပေါ့။ မြန်မာတွေထဲမှာလည်း ဗီဇာသက်တမ်းကျော်လွန်တဲ့သူတွေကို သူ့အုပ်စုအလိုက် သက်တမ်း ပြန်တိုးလို့ရတဲ့ အဖွဲ့တွေရှိတယ်။ သူ ဥပဒေထုတ်ထားပေးတာပေါ့။ ဥပမာ ၃၁ ရက် မတ်လမှာ သက်တမ်းကုန်တဲ့ ဗီဇာ section တွေ MOU အလုပ်သမားတွေဆိုရင် ၄၊ ၅၊ ၆ လ သက်တမ်းကျော်ခဲ့ပါစေ ဒဏ်ငွေမရှိဘဲနဲ့ လွယ်လွယ်လေးနဲ့ သက်တမ်း ပြန်ဆက်လို့ရအောင် သူ လုပ်ထားပေးတယ်။ ပြန်ဆက်လို့ရှိရင်လည်း သူက ၁ နှစ် အပြည့်တို့ ၂ နှစ် အပြည့်တို့ မပေးတော့ဘူး။ လာမယ့် ၂၀၂၃ ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိကိုပဲ ဗီဇာ သက်တမ်း ပေးတယ်။ တကယ်လို့များ ၂၀၂၁ မတ်လ လောက်ကတည်းက ဗီဇာသက်တမ်းကုန်ခဲ့တဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အဲဒီအုပ်စုတွေဆိုရင်တော့ သက်တမ်း ပြန်ဆက်လို့မရဘူး။ ဒါတွေက သက်တမ်း မတိုးဘဲ အဖမ်းခံရပြီးတော့ ပြည်တော်ပြန်အဖြစ်နဲ့ မြန်မာနိုင်ငံကို ပြန်ပို့ခြင်းခံရမှာပေါ့။ တကယ်လို့ တရားမစွဲ ခဲ့ရင်တော့ ကိစ္စမရှိဘူး။ တရားစွဲခဲ့ရင်တော့ အနည်းဆုံး သူ့ဥပဒေအတိုင်း blacklist ထိုင်းနိုင်ငံထဲကို ၂ နှစ် ပြန်လည်ဝင်ခွင့်မရတဲ့ ပုံစံနဲ့ လက်ဗွေတွေနဲ့ပေါ့။ စာအုပ်တုံးထုပြီးတော့မှ လက်ဗွေတွေနဲ့ အမှတ်အသား လုပ်လိုက်တယ်” ဟု ၎င်းကပြောသည်။

လက်ရှိတွင် အချို့ စက်ရုံ၊ အလုပ်ရုံများတွင် ဗီဇာသက်တမ်း ကျော်လွန်သဖြင့် သက်တမ်းတိုးခြင်း လုပ်ဆောင် နေသည့် မြန်မာများရှိသကဲ့သို့ အလုပ်ရှင်ဘက်မှ ဗီဇာသက်တမ်းတိုးပေးနေခြင်းများလည်း ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့ စောင့်ဆိုင်းနေသည့် မြန်မာများ

နှစ်ကုန်ခါနီးပြီဖြစ်သဖြင့် ထိုင်းအာဏာပိုင်များက မည်သည့်ဗီဇာဖြင့် ဝင်လာသည့် နိုင်ငံခြားသားများကိုမဆို ဗီဇာများအား စစ်ဆေးပြီး ၎င်းတို့ လုပ်ထုံးလုပ်နည်းအရ ယခုကဲ့သို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံရှိ နိုင်ငံခြားသားများသည် ထိုင်းအာဏာပိုင်များအတွက် လုပ်စားစရာကိစ္စတစ်ခုကဲ့သို့ ဖြစ်နေကြောင်း MWRN မှ အလုပ်သမားတာဝန်ခံ ဦးဘရီက CNI သတင်းဌာနသို့ ပြောသည်။

“ထိုင်းအစိုးရအနေနဲ့ သူတို့က နိုင်ငံခြားသားတွေအပေါ်မှာ လုပ်စားကွက်တွေဖြစ်နေပြီ။ ဗီဇာပျက်ခါနီးဆို ခြိမ်းခြောက်လိုက်တယ်၊ ဗီဇာဆက်အောင်လုပ်တယ်။ ပြီးရင် ဘတ် အသစ်တင်အောင် လုပ်တယ်။ အဲဒီလို မျိုးတွေပေါ့။ ဗီဇာဆက်တဲ့ ကြေးတွေ၊ နောက်ပြီးတော့ ဘတ် အသစ်တင်လို့ရတဲ့ ငွေကြေး အမြောက်အမြားက သူတို့အတွက် ဘတ်ဂျက်ငွေ အများကြီး ဖြစ်တယ်လေ။ တကယ့်တကယ်တော့ ဒါကတော့ ကျနော်တို့ မြင်တာကတော့ ပြည်ပက အလုပ်သမားတွေ ဗီဇာဆက်အောင်၊ နောက် ဘတ် အသစ်တွေတင်အောင်လို့ သတိပေးတာပေါ့နော်” ဟု ၎င်းက ပြောသည်။

ညွှန်ကြားသည့်အထဲတွင် မည်သည့်ဗီဇာအမျိုးအစားဟူ၍ မပါရှိဘဲ ယခုကဲ့သို့ ညွှန်ကြားလိုက်သည့်အတွက် ရွှေ့ပြောင်းအလုပ်သမားများ ရှိသည့် တန်းလျားများတွင် အဖမ်းအဆီးမှာ ပိုမိုများပြားလာမည်ဖြစ်ကြောင်း အလုပ်သမားအရေးဆောင်ရွက်နေသူများက ပြောသည်။

ကိုသားကြီးက “လက်ရှိ ဒီတာ့ခ် ခရိုင်ထဲမှာတော့ ဖမ်းနေပါတယ်။ နေ့တိုင်းလိုလို ဖမ်းနေတယ်။ ဖမ်းနေတယ် ဆိုတာက မနေ့က တစ်ရက်ပေါ့။ အဖမ်းအဆီးမရှိဘူး။ ဒီ မြန်မာတွေ လပြည့်လို့ပြောရမလားပေါ့ ဘုရားသွား၊ ကျောင်းသွားတာတွေ တွေ့တယ်။ မနေ့က တစ်ရက်တော့ နည်းနည်းလေးငြိမ်တယ်။ အဲဒီအရင်တွေက တောက်လျှောက်ဖမ်းတယ်။ ဒီနေ့တော့ အဖမ်းအဆီး မရှိဘူးပေါ့။ ဒီနေ့ တနေကုန်။ ထိုင်းဘက်က လပြည့်ဆိုတော့ ဒါမျိုးတွေတော့ မရှိဘူး။ ဒါပေမယ့် ကျနော်ထင်ပါတယ်။ ဒီလို အမိန့်ထွက်လာပြီဆိုရင် နယ်စပ်ဒေသတွေမှာ ခိုအောင်းနေတဲ့ နိုင်ငံခြားသားအလုပ်သမားတွေကို အဓိက ပစ်မှတ်ထားပြီးတော့မှ စစ်ဆေးပါလိမ့်မယ်။ အဖမ်း အဆီးတွေက အရင်တုန်းကထက် ပိုမို များလာနိုင်တယ်” ဟုပြောသည်။

ထို့အပြင် နိုဝင်ဘာ ၇ ရက်နေ့မှစတင်ကာ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာများ အနေ ဖြင့် PJ(passport for job) နိုင်ငံကူးလက်မှတ်အသစ်ပြုလုပ်မည့်သူများအား OWIC ကတ်ကိုပါ တပါတည်း လုပ်ဆောင်ပေးမည်ဟု ဘန်ကောက်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံတွင် လက်ရှိ၌ တရားမဝင် အထောက်အထားမဲ့များအား အဖမ်းအဆီး များပြားနေသည့်အပြင် ဗီဇာ သက်တမ်းကျော်လွန် နေထိုင်သည့် နိုင်ငံခြားသားများအား ရှာဖွေစစ်ဆေး ဖမ်းဆီးသည့်အခါတွင်လည်း တရားမဝင် အထောက်အထားမဲ့ မြန်မာများအနေဖြင့် သတိပြုကြရန် လိုအပ်ကြောင်းလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက သတိပေးသည်။