CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈

အာဆီယံ အထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်များအားလုံးအနေဖြင့် မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးရန် NLD ပါတီက နိုဝင်ဘာ ၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အာဆီယံ အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ပြည်သူတို့ ၏ လူမှုစီးပွားဘဝများ တစ်နေ့တစ်ခြား ဆုတ်ယုတ်ကျဆင်းနေများမှတဆင့် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက် လာနိုင်သည့် အလားအလာအပေါ် သတိကြီးစွာထားပြီး ကူညီဖြေရှင်းပေးရန် ကြိုးပမ်းလာရာ မိမိတို့ NLD အနေဖြင့် အသိအမှတ်ပြု ကျေးဇူးတင်နေမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ကူညီဖြေရှင်းနိုင်ရေး ကြိုးပမ်းဖော်ဆောင်ကြရာတွင် ပြည်သူလူထု၏ ဆန္ဒမှန်ကို အသိအမှတ်ပြု ထင်ဟပ်စေသော ရည်ရွယ်ချက်နှင့် လက်တွေ့ကျသော လုပ်ငန်းစဉ်များ ဖြစ်ရန် လိုအပ်ကြောင်း၊ လတ်တလော ပြဿနာများ ပြေလည်ရေးကိုသာ ရှေးရှုပြီး ဦးစားပေးဆောင်ရွက်မှုများသည် မြန်မာနိုင်ငံတော်၏ ဒီမိုကရေစီ ရေး လူ့အခွင့်အရေးများကို ထိခိုက်ပျက်သုဉ်းစေနိုင်ပြီး အနာဂတ် မြန်မာနိုင်ငံအား အနိဌါရုံများအတွင်းသို့ တွန်း ပို့လိုက်ရာ ရောက်စေနိုင်သဖြင့် ထိုသို့ မဖြစ်စေရေးအတွက် အထူးသတိပြုရန် လိုအပ်ကြောင်း NLD ပါတီက ထုတ်ပြန်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆိုခွန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

NLD က “ အာဆီယံ အထူးကိုယ်စားလှယ် အပါအဝင် မြန်မာ့အရေးဆိုင်ရာ ကိုယ်စားလှယ်များအားလုံးသည် NLD ဥက္ကဋ္ဌဖြစ်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွတ်လပ်စွာ တွေ့ဆုံ ဆွေးနွေးအဖြေရှာနိုင်မှ သာ လက်တွေ့ကျသော ပြဿနာပြေလည်ရေးလမ်းစ ရရှိနိုင်မည်ဖြစ်ကြောင်း မိမိတို့ ယုံကြည်ပါသည်။ ထို့အပြင် စစ်မှန်သော ကိုယ်စားပြုမှုရှိသည့် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန်လိုအပ်ပါသည်”ဟု ပြောသည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြေက်ရေးကို အာဆီယံ အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များအနေဖြင့် ဦးစားပေး ဆောင်ရွက်သင့်သော လုပ်ငန်းစဉ်အဖြစ် သတ်မှတ် အကောင်အထည်ဖော် သင့်ကြောင်း အလေးအနက် တေင်းဆိုပါသည်ဟု NLD က ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မစ္စတာပရတ်ဆိုခွန်သည် မြန်မာ့အရေး ဖြေရှင်းနိုင်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံခွင့် ပြုရန် နစကထံ တောင်းဆိုထားရာ နစကဘက်က တွေ့ဆုံခွင့် ပေးမည် ဟု သဘောတူထားကြောင်း ပြောကြားထားသည်။

ပရတ်ဆိုခွန်သည် ယခုလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် ရှိကြောင်း၊ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံနိုင်ရေး ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၂၆ နှစ် ချခံထားရသလို တရားစွဲဆိုမှုများဖြင့်လည်း ရင် ဆိုင်နေရသည်။