CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၅

ရွှေလီနှင့် ဝမ်တိန် ဂိုဒေါင်များရှိ မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့် ပဲတီစိမ်း တန်ချိန် ၂ သိန်းခန့်ကို တရုတ်အစိုးရမှ သိမ်းဆည်းလိုက်ပြီးနောက် မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ ပဲတင်ပို့မှုများ ရပ်ဆိုင်းနေသည်ဟု မူဆယ် ကုန်သည် များထံမှ သိရသည်။

ယခင်က တရုတ်နိုင်ငံသို့ ပဲမျိုးစုံ တင်ပို့မှု အနေဖြင့် နေ့စဉ် ကုန်တင်ကား အစီးရေ ၃၀ ခန့် ဝင်ရောက်ခဲ့သော်လည်း လက်ရှိတွင် ကုန်သည်များက တင်ပို့မှုများကို ရပ်ဆိုင်းထားသည်။

ထို့နောက် တရုတ်နိုင်ငံက သိမ်းဆည်းထားသည့် ပဲတီစိမ်းများကို လေလံတင်မည် ဖြစ်သည့်အတွက် ထို အခြေအနေ အဆင်ပြေမှသာ ကုန်သည်များက တင်ပို့မှုများကို ထပ်မံပြုလုပ် ကြမည်ဟု မူဆယ်ကုန်သွယ်ရေး စင်တာမှ ကုန်သည်တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြိုပြီးတော့ မကြေညာဘဲနဲ့ ဒီဟာတွေကို ဟိုဟာဖြစ်တယ်၊ ဒီဟာဖြစ်တယ် လုပ်တော့ သူတို့ဘက်မှာ လည်း အခင်းအကျင်း တစ်ခုရှိလား၊ မရှိလား မသိဘူးပေါ့နော်။ အဲဒီနောက်ပိုင်းတော့ အခုချိန်ထိ မရှိသလောက် ပါပဲ။ လောလောဆယ်တော့ ခဏ ရပ်နေတဲ့ သဘောပေါ့။ ဒီဟာလေး နည်းနည်း အဆင်ပြေမှ ထပ်သွားမယ့် သဘောရှိမယ်။ ဒါလေး ပြီးသွားရင်တော့ ပြန်ပြီး ပုံမှန် ပြန်ဖြစ်မှာပါ။ ဒါကလည်း ကျနော်တို့ ဒီဘက်က ဘာမှ အမှား မရှိဘူးလေ။ ပုံမှန်ပို့တယ်၊ ပုံမှန်မှာတယ်၊ ဒီအတိုင်းပို့တာ။ ဟိုဘက်မှာ တစ်ခုခု ဒီဘက်ကိုလည်း မပြောပြ နိုင်တဲ့ ပြဿနာတွေ ရှိမှာပေါ့။ ဒီဟာ ပြတ်သွားရင်တော့ ပုံမှန် ပြန်ဖြစ်သွားမှာ။ တစ်နေ့ကို အရင်တုန်းက ၃၀၊ ၄၀ တော့ အနိမ့်ဆုံး ရှိတယ်။ ကားကတော့ အစားစားပေါ့နော်။ ၆ ဘီးနဲ့ ၁၂ ဘီးနဲ့ တွဲကားနဲ့၊ တွဲကားကတော့ နည်းတာ ပေါ့။ ဟိုဘက် ကျင်စန်းကျော့ အပေါက်ကနေ ထွက်တာ” ဟု ပြောသည်။

တရုတ်က ပဲမျိုးစုံသိုလှောင်ထားသည့် ဂိုဒေါင်ကိုတွေ့ရစဉ်

ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့က တရုတ်နိုင်ငံ ဝမ်တိန်နှင့် ရွှေလီမြို့ရှိ ဂိုဒေါင်များမှ သိမ်းဆည်းထားသည့် ပဲတီစိမ်း များကို တရုတ်နိုင်ငံ ဗဟိုအစိုးရအဖွဲ့က လေလံတင်မည်ဟု ထုတ်ပြန်ခဲ့သည့်တိုင် ကျင်းပခဲ့ခြင်း မရှိကြောင်း သိရ သည်။

ထို့နောက် ဇွန်လ ၁၄ ရက်နေ့သို့ ရွှေဆိုင်းလိုက်သော်လည်း ထိုနေ့မှာလည်း လေလံပွဲ ကျင်းပခဲ့ခြင်း မရှိခဲ့ကြောင်း မူဆယ်ရှိကုန်သည်များက ပြောသည်။

သိမ်းဆည်းထားသည့် ပဲများ၏ တန်ဖိုးသည် မြန်မာကျပ်ငွေ သိန်းပေါင်း ၂ သိန်းကျော် ရှိသည့်အတွက် မြန်မာကုန် သည်များအတွက် ဆုံးရှုံးမှုကြီးသည်။

ထို့ကြောင့် ဆုံးရှုံးမှု မဖြစ်ပေါ်စေရန် လက်ရှိတွင် မြန်မာနိုင်ငံရှိ ပဲကုန်သည်များနှင့် လုပ်ငန်းရှင်များက တရုတ်နိုင်ငံ ၏ ဗဟိုအစိုးရနှင့် ယူနန်ပြည်နယ် အစိုးရထံသို့ တင်ပြထားကြောင်း မန္တလေးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးညွန့်ဝေ က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လတ်တလောတော့ သူတို့ ၁၄၊ ၁၅ မှာ လုပ်မယ်လို့ ပြောပေမယ့် မလုပ်ဖြစ်သေးဘူးလို့ လတ်တလော သိရပါသေးတယ် ခင်ဗျ။ ခန့်မှန်းခြေ သိန်းပေါင်း ၂ သိန်းအထက်မှာ ရှိပါတယ်။ မြန်မာငွေ သိန်းပေါင်း ၂ သိန်း အထက်မှာ ရှိပါတယ်။ လေလံပစ်လို့ရတဲ့ ငွေကိုတော့ လက်ရှိအနေနဲ့ နိုင်ငံတော်ဘဏ္ဍာအနေနဲ့ သိမ်းမှာတော့ မဟုတ်သေးဘူးလို့ပဲ အခြေခံအနေနဲ့ သိရပါတယ်။ အခုက ပြည်နယ်အနေနဲ့ ပြောရရင်တော့ ယူနန်ပြည်နယ်ပိုင် အနေနဲ့ မဟုတ်ဘူး။ ဗဟိုအစိုးရရဲ့ Authority နဲ့ လုပ်တာဖြစ်တဲ့အတွက် သူတို့ကသာပင် သိတယ်။ ပြည်နယ်အနေ နဲ့ လုပ်ပိုင်ခွင့် မရှိဘူးလို့ ပြည်နယ်အနေနဲ့ ငြင်းထားတယ်။ ဒီဘက်ကတော့ ပြည်နယ်ကိုလည်း တင်ထားတယ်။ ဗဟိုအစိုးရကိုလည်း စီးပွားရေး သံအနေနဲ့ရော၊ စီးပွားရေးဝန်ကြီးဌာန အနေနဲ့ရော တင်ပေးထားတာတော့ ရှိတာ ပေါ့နော်။ ဒီဘက်မှာလည်း ကျနော်တို့ ထပ်ပြီးတော့ တင်ထားတာ ရှိပါတယ်။ ဟိုဘက် အေးဂျင့်ရဲ့ မှားယွင်းမှုတွေ၊ ဒီဘက်က အမှန်အကန်အနေနဲ့ တင်ထားတဲ့ အကြောင်းလေးတော့ တင်ထားပါတယ်” ဟု ပြောသည်။

 

သိမ်းဆည်းထားသည့် ပဲများကို လေလံတင်ရာတွင် တရုတ်နိုင်ငံသားများသာ ဝင်ရောက်၍ လေလံဆွဲခွင့်ရှိကြောင်း၊ မြန်မာနိုင်ငံသားများ ဝင်ရောက်၍ လေလံဆွဲခွင့် မရကြောင်း မြန်မာကုန်သည်များက ပြောသည်။

ယူနန်ပြည်နယ် တာဝန်ရှိသူများနှင့် မြန်မာ့ကုန်သွယ်ရေးမှ တာဝန်ရှိသူများသည် မေလ ၃၁ ရက်က တွေ့ဆုံခဲ့ရာ တရုတ်နိုင်ငံက ထိုကိစ္စနှင့် ပတ်သက်ပြီး လျှော့ပေါ့ စဉ်းစားပေးမည်ဟု ပြောဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံက သိမ်း ဆည်းလိုက်သည့် ကုန်စည်များတွင် ပဲတိမ်းစိမ်း အပါအဝင် မတ်ပဲနှင့် နှမ်းနက်၊ နှမ်းညိုများလည်း ပါဝင်ကြောင်း သိရသည်။

တရုတ်နိုင်ငံက သိမ်းဆည်းလိုက်သည့် ပဲများသည် မြန်မာနိုင်ငံသားများ ပိုင်ဆိုင်သည့် ပဲများဖြစ်ပြီး နယ်စပ်မှ တဆင့် အခွန်ဆောင်ထားကြောင်း၊ ထို့နောက် ဝမ်တိန် ဂိုဒေါင်များတွင် သိုလှောင်ပြီး ဝယ်လက်ကို စောင့်ဆိုင်း သည့် ပုံစံအား လွန်ခဲ့သည့် ၅ နှစ် ကတည်းကပင် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း ကုန်သည်များက ပြောသည်။