CNI Sport Article
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁
ကြောင်နက်တွေလို့ ခေါ်ဝေါ်တဲ့ ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲနဲ့ ၈ နှစ်ကြာ ဝေးကွာပြီးနောက် မနှစ်ကရာသီမှာ တန်းပြန်တက်နိုင်ခဲ့တဲ့အတွက် ရာသီသစ်မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်လည်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အရင်ကစားခဲ့ချိန်က ထိပ်သီးအသင်းတွေကို ဒုက္ခပေးနိုင်ခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာ ရာသီသစ် မတိုင်မီ အားဖြည့်မှုတွေကြောင့် တန်းတက်အသင်းတွေထဲမှာ စောင့်ကြည့်ချင်စရာ ကောင်းတဲ့ အသင်း အဖြစ် ရှိနေပါတယ်။
ဆန်းဒါးလန်းအသင်းဟာ လက်ရှိအချိန်မှာ ကစားသမားသစ် ခေါ်ယူမှု အများအပြား ပြုလုပ်ထားပြီး ပြောင်းရွှေ့ ကြေး အသုံးစရိတ် ပေါင်သန်း ၁၀၀ ကျော် သုံးစွဲထားတာပါ။
ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဆက်ပြီးရှိနေဖို့ အတွက်ဆိုရင် လူစာရင်း အင်အား တောင့်တင်းအောင်လုပ်ဖို့ လိုအပ် တာကိုသိတဲ့ ဆန်းဒါးလန်းအသင်းဟာ သူတို့အတွက် လိုအပ်နေတဲ့ နေရာတွေကို အားဖြည့်ထားပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အတွေ့အကြုံရှိပြီး ပရိသတ်တွေနဲ့ ရင်းနှီးတဲ့ ကစားသမား တွေကို ခေါ်ယူထားတာပါ။
ဆန်းဒါးလန်းက အားဖြည့်ခေါ်ယူထားတဲ့လူတွေကိုတွေ့ရစဉ်
ဆန်းဒါးလန်းအသင်းဟာ အာဆင်နယ်အသင်းမှာ ၇ ရာသီကြာ ကစားခဲ့ပြီး လေဗာကူဆင် အသင်းနဲ့လည်း ဘွန်ဒက်လီဂါဖလားကို ရှုံးပွဲမရှိ ရယူနိုင်ခဲ့တဲ့ ဆွစ်ဇာလန် ကွင်းလယ်လူ ရှာခါကို ပြီးခဲ့တဲ့ရက်ပိုင်းက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ရှာခါကို ခေါ်ယူခဲ့တာဟာ ဆန်းဒါးလန်းအသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုပြီးအားကောင်းသွားမယ်ဆိုတာ သေချာနေ တာပါ။
ဆန်းဒါးလန်းအသင်းဟာ ရှာခါမတိုင်မီက အန်ဇိုလီဖီး၊ ဟာဘစ်ဒီယာရာ၊ နိုအာဆာဒီကီ၊ ရီနယ်လ်ဒိုမန်ဒါဗာ၊ တယ်လ်ဘီနဲ့ အဒင်ဂါရာတို့ကို ခေါ်ယူထားတာဖြစ်ပါတယ်။
ရီနယ်လ်ဒိုမန်ဒိုဗာဆိုရင် အသလက်တီကိုအသင်းမှာ ၃ ရာသီကြာ ပွဲပေါင်း ၁၀၀ ကျော်အထိ ပါဝင်ကစားခဲ့ပြီး အဒင်ဂါရာက ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းမှာ ၂ ရာသီကြာအဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ကာ ၂၀၂၃ ခုနှစ်က အိုင်ဗရီကို့စ်အသင်းနဲ့ အာဖရိကဖလား ရယူထားနိုင်တဲ့သူပါ။
အန်ဆိုလီဖီးဟာ ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းအသင်းမှာ အငှားကစားခဲ့ပြီး အသင်း ပရီးမီးယားလိဂ်ထံ တန်းတက်ချိန်မှာ အပြီးသတ် ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ဂျူပ်ဘ်ဘယ်လင်ဂမ်နဲ့ တွမ်ဝပ်ဆန်တို့ကို ဆုံးရှုံးခဲ့ရပေမယ့် သူတို့ရဲ့နေရာမှာ ပြန်လည်အားဖြည့်မှုတွေ ပြုလုပ်ထားတာပါ။
ဆန်းဒါးလန်းအသင်း အောင်ပွဲခံနေစဉ်
ဆန်းဒါးလန်းအသင်းဟာ ငွေကြေး အများအပြားသုံးစွဲပြီး လူစာရင်း အားဖြည့်ထားပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဆက်ရှိဖို့အတွက် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ လိုအပ်ပါတယ်။
ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ပြီးခဲ့တဲ့ ၂ ရာသီကို ပြန်ကြည့်မယ်ဆိုရင် တန်းတက်လာတဲ့ အသင်းတွေအားလုံးဟာ ချက်ချင်း တန်ပြန်ဆင်းသွားတာကို မြင်တွေ့ရမှာပါ။
ပရီးမီးယားလိဂ်ပြို င်ပွဲဟာ ကာလရှည်ပြိုင်ပွဲ ဖြစ်တာကြောင့် ပွဲအရေအတွက် များလာတာနဲ့ အသင်းတွေကြားမှာ ဟွာဟချက်တွေ ဖြစ်လာခဲ့ပါတယ်။
ဆန်းဒါးလန်းအသင်းအနေနဲ့ ဒီလိုတွေ မဖြစ်အောင် ပြင်ဆင်ပြီး သင်ယူထားဖို့လည်း လိုအပ်နေတာပါ။
ဆန်းဒါးလန်းအသင်း လေ့ကျင့်ခန်းဆင်းနေကြစဉ်
ဆန်းဒါးလန်းအသင်းဟာ ရာသီကြို ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ခြေစမ်းပွဲတွေ ကစားထားတာမှာ ရလဒ်တွေ ကတော့ ကောင်းမွန်မှု မရှိပါဘူး။
ဆန်းဒါးလန်းအသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် မတိုင်မီ နောက်ထပ် ခြေစမ်းပွဲတွေ ကစားဖို့ရှိနေပြီး ဒီပွဲတွေမှာ ရှာခါ အပါအဝင် ကစားသမားသစ်တွေ အားလုံး ပါဝင်လာဖို့ ရှိနေပါတယ်။
ဆန်းဒါးလန်းအသင်းဟာ ၂၀၂၅-၂၆ ရာသီ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ် ၅ ပွဲမှာ ဝက်စ်ဟမ်း၊ ဘန်လေ၊ ဘရန်ဖို့ဒ်၊ ခရစ္စတယ်ပဲလေ့စ်၊ အက်စတွန်ဗီလာအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
ဒီပွဲတွေမှာ ဆန်းဒါးလန်းအသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်တွေကို စောင့်ကြည့်ရမှာဖြစ်ပြီး ဆန်းဒါးလန်းအသင်း အနေနဲ့ ပြီးခဲ့တဲ့ တန်းတက်အသင်းတွေလို မဖြစ်အောင် လုပ်ဆောင်နိုင်မလားဆိုတာ မကြာမီ မြင်တွေ့ရတော့မှာ ဖြစ်ပါ တယ်။