CNI International Article
၂၀၂၅ ခုနှစ် ၊ ဩဂုတ် ၃
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၅ ရက်က မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် အချို့အပေါ် ချမှတ်ထားသော ပိတ်ဆို့ အရေးယူမှုကို ရုပ်သိမ်းပေးခဲ့သည့် အမေရိကန်ဘဏ္ဍာရေးဌာန၏ ဆုံးဖြတ်ချက်သည် ဆယ်စုနှစ်များစွာကြာ အမေရိကန် နိုင်ငံခြားရေးမူဝါဒကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။
၂၀၂၁ ခုနှစ်တွင် တပ်မတော်က အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် ယခင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်(Joe Biden) အစိုးရအဖွဲ့မှ ၂၀၂၂ ခုနှစ်တွင် ထိုပိတ်ဆို့မှုများကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထိုပိတ်ဆို့မှုများကို ရုပ်သိမ်းခြင်းသည် ထရမ့်၏ မြန်မာနိုင်ငံအပေါ် စိုးရိမ်မှုမကင်းသည့် လုပ်ဆောင်ချက် တစ်ခု အဖြစ် မှတ်ယူခံခဲ့ရပြီး အရှေ့တောင်အာရှတွင် တရုတ်၏ နောက်ထပ် မဟာဗျူဟာမြောက် အောင်ပွဲတစ်ခု ဖြစ်လာခဲ့သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ကိုယ်ကျင့်တရား ရှုထောင့်မှကြည့်လျှင် ထရမ့်၏ လုပ်ရပ်သည် အံ့ဩစရာတော့ မဟုတ်ပေ။ ထရမ့်သည် ရုရှား၏ ထိုးစစ်ကို ခုခံနေရသည့် ယူကရိန်းကို လျစ်လျူရှုထားပြီး ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးသုဉ်း သုတ်သင် ရှင်းလင်းရေး ထောက်ခံအားပေးနေသည်။
ထိုအချက်များက အမေရိကန်၏ ဒီမိုကရေစီ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည့် ထရမ့်၏ အကြီးမားဆုံး မဟာဗျူဟာမြောက် အမှားအယွင်းတစ်ခုလည်း ဖြစ်ခဲ့သည်။
အမေရိကန် ပိတ်ဆို့မှုက ဖယ်ပေးလိုက်တဲ့ မြန်မာစီးပွားရေးလုပ်ငန်းရှင်များကိုတွေ့ရစဉ်
မူဝါဒ ပြောင်းလဲခြင်း၏ နောက်ကွယ်တွင် ကျိုးကြောင်းဆီလျော်မှုသည် ပွင့်လင်းမြင်သာမှု မရှိဘဲ အမေရိကန် အစိုးရကလည်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
သို့သော် အချိန်အခါသည် အလွန်အရေးကြီးသည်။ မြန်မာစီးပွားရေး လုပ်ငန်းရှင်များအပေါ် ပိတ်ဆို့မှုများ ပြန်လည် မရုပ်သိမ်းမီ ရက်ပိုင်းအလိုကပင် အမေရိကန်လွှတ်တော်သည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးကို ခုခံတော်လှန်မှု အား ထောက်ခံအားပေးကြောင်း ဥပဒေမူကြမ်း ၃ ခုကို အတည်ပြုခဲ့ပြီး တပ်မတော်ကို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟု ကတိပြုခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကုန်သွယ်ရေး ဆွေးနွေးညှိနှိုင်းမှုများ အတွင်း ထရမ့်ကို ချီးကျူးခဲ့သည်။
ထို့နောက် အမေရိကန်အစိုးရက မြန်မာစီးပွားရေး လုပ်ငန်းရှင်များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ရုပ်သိမ်းပေးခဲ့သည်။
ထိုအချက်က ထရမ့်၏ နိုင်ငံခြားရေးမူဝါဒတွင် ပုဂ္ဂိုလ်ရေးအရ မြှောက်လုံးပင့်လုံးများ လွှမ်းမိုးနေသည့် အချက်ကို ထင်ရှားစေခဲ့သည်။
သို့သော် အမေရိကန်မူဝါဒ အပြောင်းအလဲ၏ နောက်ကွယ်တွင် စနစ်တကျ တွက်ချက်မှုများကိုလည်း မြင်တွေ့ ရသည်။
တရုတ်က မြန်မာသယံဇာတကို သယ်ယူနေစဉ်
စမတ်ဖုန်းများမှ ဒုံးကျည်များအထိ နည်းပညာမြင့် ပစ္စည်းများ အားလုံးအတွက် မရှိမဖြစ် လိုအပ်သော မြန်မာနိုင်ငံ ၏ မြေရှားသတ္တုများသည် အမေရိကန်အတွက် မဟာဗျူဟာမြောက် ပိုင်ဆိုင်မှုများ ဖြစ်လာနိုင်သည်ဟု စီးပွားရေး လော်ဘီများက ထရမ့်ကို နားချခဲ့ပုံပေါ်သည်။
အမှန်တကယ်တွင်လည်း မြန်မာနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တု ထောက်ပံ့ရေး စျေးကွက်တွင် ထင်ရှား သည့် နိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။
အထူးသဖြင့် မြန်မာနိုင်ငံတွင် တရုတ်က မြေရှားသတ္တုများ တူဖော်မှုများ ပြုလုပ်နေသည်။
ထိုနေရာတွင် တစ်ချက် သတိပြုရမည်မှာ မြန်မာနိုင်ငံ၏ မြေရှားသတ္တုများရှိသည့် နယ်နိမိတ်များသည် တပ်မတော်၏ ထိန်းချုပ်မှုအောက်၌ ရှိမနေဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (EAO) များ၏ ထိန်းချုပ်မှု အောက်တွင် ရှိနေသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO) သည် ပြီးခဲ့သည့်နှစ်က ကမ္ဘာအကြီးမားဆုံး မြေရှားသတ္တု မိုင်းတွင်း များကို သိမ်းယူခဲ့သည်။
ထိုအခြေအနေကို အမေရိကန်က သတိမထားမိဘဲ နေမည်မဟုတ်ပေ။ အချို့လော်ဘီများသည် ထရမ့် အစိုးရအဖွဲ့ ကို အဆိုပြုချက် ၂ ချက် တင်သွင်းထားသည်။
ပထမအချက်မှာ မြန်မာနိုင်ငံ၏ မြေရှားသတ္တုများကို ရယူရန် အမေရိကန်အစိုးရ အနေဖြင့် KIO နှင့်တိုက်ရိုက် ဆွေးနွေးရေး၊ ဒုတိယအချက်မှာ KIO နှင့် တပ်မတော်ကြား ငြိမ်းချမ်းရေးရအောင် ကြားဝင်စေ့စပ်ပေးရေး ဖြစ်သည်။
ပထမအဆိုပြုချက်သည် ထောက်ပံ့ ပို့ဆောင်မှုဘက်မှ ကြည့်မည်ဆိုပါက ယုတ္တိမရှိပေ။ ကချင်ပြည်နယ်သည် ကုန်းတွင်းပိတ်ဖြစ်ပြီး တပ်မတော်က ထိန်းချုပ်ထားသည့် နယ်နိမိတ်များက ဝိုင်းဝန်းပိတ်ဆို့ထားသည်။
ဒုတိယ အဆိုပြုချက်သည်လည်း ပို၍ပင် လွဲမှားနေသည်။ ထိုအဆိုပြုချက်သည် ဆယ်စုနှစ်များစွာကြာ နိုင်ငံရေး လှုပ်ရှားမှုကို စီးပွားရေးလုပ်ငန်း တစ်ခုအဖြစ်သို့ ပြောင်းလဲပေးနေသည့် အမေရိကန်စီးပွားရေးလော်ဘီများ၏ သဘောထားကို ထင်ဟပ်စေခဲ့သည်။
KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်နဲ့ တရုတ်အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူခဲ့သူ မစ္စတာဆွန်ကော်ရှန်ကို တွေ့ရစဉ်
KIO ကို အကျိုးအမြတ် တစ်ခုတည်းဖြင့်သာ လှုံ့ဆော်ခဲ့မည်ဆိုလျှင် နှစ်ဖက်အပစ်အခတ်ရပ်စဲရေးသည် တရုတ်၏ ဖိအားပေးမှုအောက်တွင် ရှိနေပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် KIO ၏ ရည်မှန်းချက်များသည် စီးပွားရေး မဟုတ်ဘဲ နိုင်ငံရေး ဖြစ်နေခြင်းကြောင့် ဖြစ်သည်။
KIO သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် ကာလကြာရှည် တိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်ပြီး နိုင်ငံတစ်ဝန်း လက်နက်ကိုင်အဖွဲ့များကို အဓိက ထောက်ပံ့ပေးနေသည့် အဖွဲ့ဖြစ်သည်။
KIO သည် နိုင်ငံတကာ၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိမထားသဖြင့် အမေရိကန် အနေဖြင့် တပ်မတော်နှင့် ကြားဝင်စေ့စပ်ပေးရန် အခွင့်အလမ်း အလွန်နည်းပါးသည်။
ထို့ပြင် KIO သည် တရုတ်ကို မှီခိုနေရသည့် ဆက်ဆံရေးကြောင့် တရုတ်ကို ခြေစုံကန်လိမ့်မည် မဟုတ်ပေ။
ထိုအချိန်အတောအတွင်း “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ထားသည့် ဒေသများတွင် မြေရှားသတ္တုတူးဖော်မှု သိသိသာသာ တိုးလာနေသည်။
UWSA အဖွဲ့ကိုလည်း တရုတ်က လက်နက်နှင့် အခြားအကူအညီများ ထောက်ပံ့ပေးထားသည်။
ထို့ကြောင့် မြန်မာ့မြေရှားသတ္တု ကဏ္ဍတွင် အမေရိကန်သည် ခြေကုပ်ယူနိုင်သည်ဟူသော အယူအဆသည် ယုတ္တိ မရှိဟု ပြောနိုင်သည်။
ထို့ပြင် မြန်မာမြေရှားသတ္တုများကို တရုတ်၏ လက်ထဲမှ တိုက်ရိုက် ဖြတ်လုမည်ဆိုပါက အမေရိကန်အတွက် အန္တရာယ်ပင် ရှိလာနိုင်သည်။
တရုတ်သည် မြန်မာနိုင်ငံအပေါ် ကြီးမားသော သြဇာအာဏာကို ကိုင်စွဲထားပြီးဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ယခုနှစ်အစောပိုင်းတွင် အမေရိကန်၏ ပြည်ပ အကူအညီပေးရေး အေဂျင်စီဖြစ်သည့် USAID ကို လျှော့ချ ဖြတ်တောက်မှုများသည် မြန်မာ့နိုင်ငံရေးကို ကြိုးကိုင်ခြယ်လှယ်မှု၌ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ပိုမို ခိုင်မာစေခဲ့သည်။
ထို့ကြောင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များအပေါ် ပိတ်ဆို့ အရေးယူမှုများအား ရုတ်သိမ်းခြင်းသည် မြန်မာနိုင်ငံ အပေါ် တရုတ်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရန် ရည်ရွယ်ခြင်းလည်း ဖြစ်နိုင်သည်။
မြန်မာ့တပ်မတော် ခေါင်းဆောင်များက အမေရိကန်၏ မူဝါဒ အပြောင်းအလဲကို လက်ခံကြိုဆိုခဲ့ကြသည်။
သို့သော် တပ်မတော်သည် လက်နက်များ၊ ငွေကြေးနှင့် သံတမန်ရေး ကိစ္စများအတွက် တရုတ်နှင့် အလွန်ခိုင်မာ သည့် ဆက်ဆံရေးများ ရှိထားသဖြင့် တရုတ်ကိုလည်း စွန့်လွှတ်လိမ့်မည် မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် ယခုအခါ မြန်မာနိုင်ငံ၏ နယ်မြေတစ်ဝက်ကျော်ကို ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံ၏ လက်နက်ကိုင်အဖွဲ့များသည် မျက်ကွယ်ပြုခံရမည့် အခြေအနေသို့ ရောက်ရှိနေသည်။
Burma Act ဥပဒေအရ မြန်မာလက်နက်ကိုင်အဖွဲ့များကို အသက်သေစေနိုင်ခြင်း မရှိသေည့် အကူအညီများ ပေးမည်ဟု ကတိပြုထားသော်လည်း ဘိုင်ဒန် အစိုးရက ထိုအကူအညီများ ပေးအပ်ရန် ပျက်ကွက်ခဲ့သည်။
ယေဘုယျအားဖြင့် အနောက်နိုင်ငံများ၏ ပံ့ပိုးကူညီမှုသည် ကြီးမားသော သင်္ကေတဖြစ်ပြီး၊ ပိတ်ဆို့ အရေးယူမှုများ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စကားလုံးများဖြင့် ထိန်းထိန်းသိမ်းသိမ်း ပြောဆိုလေ့ရှိသည်။
ကူညီထောက်ပံ့မှုများနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများ၏ လေလုံးထွား ပြောဆိုမှုများကို နှစ်နှင့်ချီ ကြားခဲ့ရ ပြီးသည့်နောက် လက်ရှိတွင် မြန်မာလက်နက်ကိုင်အဖွဲ့များသည် အနောက်နိုင်ငံများအပေါ် ယုံကြည်မှု အနည်း ငယ်သာ ရှိတော့သည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များသည်လည်း မည်သည့်ဘက်သို့ ယိမ်းရမည်ကို တွက်ချက်ထား ပုံရသည်။
UWSA ကဲ့သို့ အချို့ လက်နက်ကိုင်အဖွဲ့များက တရုတ်နှင့် ကာလကြာရှည် ဆက်ဆံရေးရှိသလို KIO ကဲ့သို့ အချို့ လက်နက်ကိုင်အဖွဲ့များက အနောက်နိုင်ငံများကို မျှော်လင့်ခဲ့ဖူးသည်။
သို့သော် KIO သည်လည်း ရှုပ်ထွေးသည့် နိုင်ငံရေး အဖွဲ့အစည်း ဖြစ်သဖြင့် ခေါင်းဆောင်ပိုင်းများကြားတွင် အတွေးအခေါ် အယူအဆများ၊ မဟာဗျူဟာမြောက် ဦးစားပေး ကိစ္စများတွင် သဘောထားချင်း ကွဲလွဲနေသည်။
KIO ခေါင်းဆောင်အချို့က မြေရှားသတ္တုနှင့်ပတ်သက်သည့် ထရမ့်၏ အစီအစဉ်များကို လိုလိုလားလား လက်ခံ ဖွယ်ရှိသည်။
သို့သော် တစ်ဖက်တွင်လည်း KIO သည် ထရမ့်၏ မဖြစ်နိုင်သည့် အဆိုပြုချက်များကိုလည်း နားလည်ထားသည်။
ဤနေရာတွင်လည်း ထရမ့်၏ မူဝါဒသည် အနောက်အုပ်စု လိုလားသော အသံများကို တိမ်ဝင်စေခဲ့ပြီး တရုတ်နှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို နှစ်သက်သူများအား ပိုမိုအားကောင်းစေနိုင်သည်။
အမေရိကန်အနေဖြင့် အရှေ့တောင်အာရှတွင် ၎င်း၏ မူဝါဒ အပြောင်းအလဲကို အလောတကြီး လုပ်ဆောင်ခဲ့မည် ဆိုပါက တရုတ်ကို ပိုမိုအားကောင်း လာစေမည်ဖြစ်ကာ အမေရိကန်ကို အားနည်းစေပြီး မြန်မာပြည်သူများ အတွက်လည်း ကောင်းကျိုးရှိမည် မဟုတ်ဟု သုံးသပ်နိုင်ပေသည်။
Source: Asia Times