CNI International News

တိုင်ပေ၊ စက်တင်ဘာ ၁၃ 

တရုတ်သည် ထိုင်ဝမ်ကို မျက်နှာမူထားသည့် ကမ်းရိုးတန်းဒေသများတွင် စစ်စခန်းများ ဆောက်လုပ်မှုအား ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေသည်ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်အနေဖြင့် ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် တရုတ်၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်မည်ဖြစ်ပြီး ထိုင်ဝမ်၏ ကာကွယ်ရေးကို တိုးမြှင့်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထိုင်ဝမ်ကျွန်းအနီးတွင် တရုတ် စစ်လေယာဉ် ၂၂ စင်းနှင့် စစ်သင်္ဘော အစင်း ၂၀ ကို တွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ 

"အခုနှစ်ထဲမှာ တရုတ် ကွန်မြူနစ်ပါတီဟာ စစ်လက်နက်ပစ္စည်း တပ်ဆင်မှုတွေကို အရှိန်မြှင့်တင်နေပြီး တိုက် လေယာဉ်တွေနဲ့ ဒရုန်း အမျိုးအစား အများအပြား ထုတ်လုပ်မှုကို ဆက်လက် လုပ်ဆောင်နေပါတယ်" ဟု ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်လှမ်းရေး စစ်ဦးစီးချုပ်၏ လက်ထောက်ဖြစ်သူ ဗိုလ်ချုပ် ဟွမ်ဝမ်ချီ (Huang Wen Chi) က ပြောကြားခဲ့သည်။ 

မိမိတို့ရရှိထားသည့် သတင်းများအရ တရုတ်သည် ကမ်းရိုးတန်းဒေသများတွင် အရေးကြီးသည့် စစ်စခန်းများကို ဆက်လက် တည်ဆောက်နေကြောင်း သိရသည်ဟု ဟွမ်က ပြောသည်။

ထိုင်ဝမ် ရေတပ်ကို တွေ့ရစဉ်

တရုတ်၏ အရှေ့တောင်ပိုင်း ဖူကျန်း (Fujian) ပြည်နယ်ရှိ လောင်ရှန် (longtian)၊ ဟွီအန် (Huian) နှင့် ကျန်းကျိုး (Zhangzhou) မြို့များတွင် စစ်လေယာဉ်ကွင်း သုံးခုကို မကြာသေးမီက တိုးချဲ့ပြင်ဆင်နေကြောင်း၊  လောင်ရှန်မြို့ သည် ထိုင်ဝမ်၏ မြို့တော် တိုင်ပေနှင့် အနီးဆုံးဖြစ်ပြီး ၂၁၇ ကီလိုမီတာ (၁၃၅ မိုင်) သာ ကွာဝေးသည်ဟု ဟွမ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်အတွင်း တရုတ်သည် ထိုင်ဝမ်ကျွန်းအနီးသို့ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို နေ့စဉ်နီးပါး စေလွှတ်ခဲ့ပြီး စစ်ရေးလှုပ်ရှားမှုများကို တိုးမြှင့်ခဲ့သည်။

အမေရိကန်နှင့် ကနေဒါ စစ်သင်္ဘောများသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်း မောင်းနှင်ခဲ့ပြီးနောက် တရုတ် က ထိုင်ဝမ်အနီးသို့ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ်တစ်ခုအဖြစ် ကြေညာထားပြီး လိုအပ်လာပါက အင်အားသုံးပြီး သိမ်းယူသွားမည်ဟု မကြာခဏ ပြောကြားခဲ့သည်။

Source: အေပီ