CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၃

ထိုင်းနိုင်ငံတစ်ဝန်းတွင် မာဖီးယားပုံစံ ဒုစရိုက်ဂိုဏ်းများနှင့် ဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့များအပေါ် ၎င်းတို့၏ လွှမ်းမိုးမှုကို တိုက်ဖျက်ရန် အားထုတ်ကြိုးပမ်းမှုအသစ်၌ ၎င်း၏ လက်ထောက်ဖြစ်သူ ချာဒါ ထိုင်းဆက် (Chada Thaiset) ၏ စွမ်းဆောင်ရည်ကို ယုံကြည်ကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးလည်းဖြစ် ဒုတိဝန်ကြီးချုပ်လည်း ဖြစ်သည့် အနူတင် ချန်ဗီရာကူလ် (Anutin Charnvirakul) က စက်တင်ဘာ ၁၁ ရက်တွင် ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က အနူတင်သည် ထိုင်းနိုင်ငံတစ်ဝန်းရှိ မာဖီးယားပုံစံ ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွှယ်မှုရှိ သည့် သြဇာကြီးမားသည့် ဒေသန္တရ ခေါင်းဆောင်များကို လေ့လာဆန်းစစ်ရန် အပြင် ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွှယ်သူများအား အမည်ပျက်စာရင်းသွင်းရန် ချာဒါကို တာဝန်ပေးအပ်ခဲ့သည်။

စက်တင်ဘာ ၆ ရက်က မအွန် (Muang) ခရိုင် နာခွန်း ပက်သွမ် (Nakhon Pathom) မြို့တွင် သြဇာကြီးမားသည့် ဒေသခံခေါင်းဆောင်၏ နေအိမ်၌ ပြုလုပ်သည့် ညစာစားပွဲ ပါတီတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ယာဉ် ထိန်း ရဲတစ်ဦး သေဆုံးခဲ့ကာ အခြားသူတစ်ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ကို တုံ့ပြန်သည့်အနေဖြင့် အနူတင်က ချာဒါကို တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

အထက်လွှတ်တော်အမတ် ပရာဆစ် ပက်သွမ်မာရက်ကို တွေ့ရစဉ်

ထိုပစ်ခတ်မှုဖြစ်စဉ်ကြောင့် ပြည်သူ့ဝန်ထမ်းများအကြား အဂတိလိုက်စားမှုနှင့်ပတ်သက်ပြီး ငြင်းခုံမှုများ ပေါ်ပေါက်လာခဲ့သည်။

အစိုးရအဖွဲ့၏ မူဝါဒ ကြေညာချက်နှင့်ပတ်သက်ပြီး စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့သည့် လွှတ်တော်တွင်း အချေအတင် ဆွေးနွေးမှုတွင် အထက်လွှတ်တော်အမတ် ပရာဆစ် ပက်သွမ်မာရက် (Prasit Pathummarak) က တရားမဝင် မူးယစ်ဆေးဝါးများကို မှောင်ခိုကူးနိုင်စွမ်းရှိသည့် သြဇာကြီးမားသည့် လူပုဂ္ဂိုလ်များနှင့် မာဖီးယားပုံစံ ဒုစရိုက်ဂိုဏ်းများကို နှိမ်နင်းမည့် အစိုးရအဖွဲ့သစ်၏ ကတိကဝတ်များအတွက် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။

ထိုင်းနိုင်ငံ၏ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေး အဖွဲ့ (ACT) ကလည်း အစိုးရအရာရှိများအကြား အကျင့်ပျက် ခြစားမှုများကို တိုက်ဖျက်မည်ဟု ပြောကြားခဲ့သည့် အစိုးရအဖွဲ့၏ ကတိစကားများအတိုင်း အကောင်အထည် ဖော်လုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

ဝန်ကြီးချုပ် ဆရီသာ သာဗီဆင်ကို တွေ့ရစဉ်

နာခွန်းပက်သွမ်မြို့တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်သည် အစိုးရ၏ အုပ်ချုပ်ရေးစနစ်အတွင်း အကျင့်ပျက်ခြစားမှုများ ပြည့်နှက်နေပြီး ကောင်းမွန်သည့် အစိုးရဖြစ်စေရန် လုပ်ဆောင်မှု အပိုင်းတွင် အားနည်းနေသည်ကို ပြသရာရောက်သည့် ဥပမာတစ်ခုဖြစ်သည်ဟု ACT က ပြောကြားခဲ့သည်။ 

ထို့ပြင် ဝန်ကြီးချုပ် ဆရီသာ သာဗီဆင် (Srettha Thavisin) အနေနှင့် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက် မည်ဟု ပြောကြားခဲ့သည့် ကတိစကားများကို ဂုဏ်သိက္ခာရှိစွာဖြင့် အကောင်အထည် ဖော်လုပ်ဆောင်ရန် ACT က တိုက်တွန်းခဲ့သည်။

ဝန်ကြီးချုပ် ဆရီသာကလည်း ၎င်း၏ အစိုးရအဖွဲ့ လက်ထက်တွင် အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်မည်ဟု ကတိပြုခဲ့သည်။

Source: ဘန်ကောက်ပို့စ်