CNI News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၇

အာရက္ခတပ်တော်သည် စစ်တွေမြို့နှင့် ကျောက်ဖြူကို စစ်မဲ့ဇုန်အနေဖြင့် ချန်ထားနိုင်ကြောင်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာကို CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁ ရက်နေ့က AA ခေါင်းဆောင်ပိုင်းများအား တရုတ်ဘက်မှ ခေါ်တွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။

ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ က “ကျောက်ဖြူလို ပြဿနာရှိတဲ့ စီးပွားရေးအချက်အခြာကျတဲ့နေရာမျိုး၊ စစ်တွေလို ပြည်နယ်ရဲ့ လက်ရှိ အုပ်ချုပ်ရေးမြို့တော်ြဖစ်နေတော့ ဒီနေရာတွေနဲ့ပတ်သက်ပြီးတော့ စစ်မဲ့ဇုန်များထားမလား သို့တည်းမဟုတ် ဆက်လက်ပြီးတော့ပဲ တိုက်မလား တရုတ်နဲ့တိုင်ပင်ပြီး အကြံဉာဏ်ယူတယ်လို့ပဲ ကျနော် ယူဆတယ်။ ဒီနေရာ ၂ နေရာကို စစ်မဲ့ဇုန်ချန်ပြီးတော့ ကျန်တဲ့နေရာတွေ အရေးပါတဲ့ စစ်ဌာနချုပ်တွေကို ထိန်းသိမ်းခြင်းအားဖြင့် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ ပိုပြီးတော့ ကိုယ်လိုချင်တဲ့ နိုင်ငံရေးရလဒ်တွေ ရနိုင်မယ် လို့လည်း အဲဒီလိုလည်း ဖြစ်နိုင်ပါတယ်။ ကျနော်ထင်တာကတော့ စစ်မဲ့ဇုန်တွေအနေနဲ့ချန်နိုင်ပါတယ်” ဟု ပြောသည်။

စစ်တွေမြို့အဝင်ဆိုင်းဘုတ်

တရုတ်သည် ဒီဇင်ဘာ ၁ ရက်နေ့တွင် AAနှင့်တွေ့ဆုံခဲ့ပြီး ၃ ရက်နေ့တွင် UWSA တို့နှင့်လည်းကောင်း၊ ၅ ရက်နေ့တွင် ပလောင်တို့နှင့်လည်းကောင်း၊ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင် KIA တို့ဖြင့် တွေ့ဆုံခဲ့ပြီး ၁၅ ရက်နေ့တွင် MNDAA နှင့် နစကမှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့် အဖွဲ့တို့ဖြင့် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်တွင် နစကနှင့် AA တို့အကြား တိုက်ပွဲမှာ ပိုမိုပြင်းထန်လာနေပြီး AA ဘက်မှ သိမ်းပိုက်ထားသည့် နယ်မြေများမှာ စုစုပေါင်း ၁၃ မြို့နယ်အထိ ရှိလာပြီဖြစ်ကာ လက်ရှိတွင် အမ်းနှင့် ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

အောင်ပွဲများဆက်တိုက်ဆင်နွှဲနေသည့် AA ၏ နိုင်ငံရေးရည်မှန်းချက်အရသော်လည်းကောင်း၊ တရုတ်နှင့် ပတ်သက်ဆက်နွယ်နေသည့် နက်ရှိုင်းသောအခြေအနေများအပေါ်တွင်လည်းကောင် မူတည်ကာ လေ့လာ စောင့်ကြည့်ရမည့် အခင်းအကျင်းဖြစ်ကြောင်း 7 EAO Alliance မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က CNI သတင်းဌာနသို့ပြောသည်။

ကျောက်ဖြူမြို့အဝင်ဆိုင်းဘုတ်

“AA နဲ့ တရုတ်နဲ့ ဘယ်လောက်အထိ နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွယ်မှုရှိသလဲဆိုတဲ့ အပေါ်မှာ အခြေခံ မယ်ထင်ပါတယ်။ တွေ့ဆုံမှုတွေ ရှိခဲ့တယ်ဆိုတာကိုလည်း သိပါတယ်။ တရုတ်ဆိုတာက မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ရေးပဋိပက္ခတွေကို ချုပ်ငြိမ်းစေချင်တယ်။ တွေ့ဆုံစကားပြောစေချင်တယ်။ တည်တည်ငြိမ်ငြိမ်လေး လုပ်စေ ချင်တယ်။ တရုတ်နည်း တရုတ်ဟန်ပေါ့။ AA ဘက်ဆိုရင်လည်းပဲ အားကောင်းမောင်းသန်နဲ့ တစ်မြို့ပြီး တစ်မြို့ သိမ်းပိုက်နိုင်တဲ့အခြေအနေ ရှိတယ်။ ရခိုင်သမိုင်းတလျှောက်မှာဆိုရင်လည်း တော်တော်လေး စည်းစည်းလုံးလုံးနဲ့ ပြည်သူတွေရဲ့ နှလုံးသည်းအိမ်ကို ထိန်းချုပ်ပြီးတော့ ရပ်တည်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းလည်းဖြစ်တယ်။ ဆိုတော့က ပြောတာတွေလည်းကြားဖူးမှာပါ။ သူတို့တွေအနေနဲ့ ရခိုင်ဒေသမှာ ရခိုင်လူမျိုးတွေရဲ့ လွတ်လပ်စွာ ကိုယ်ပိုင်စီမံအုပ်ချုပ်နိုင်တဲ့ confederation ထက် မလျော့အောင် သူ့ရဲ့ရည်မှန်းချက်ပေါ့” ဟု ၎င်းက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့် မြန်မာနိုင်ငံတစ်ဝှမ်း ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲ များအတွင်း တပ်မတော်အနေဖြင့် အားရစရာမရှိကြောင်းလည်း စစ်ရေးနှင့် နိုင်ငံရေးအကဲခတ်သူများက ထောက်ပြကြသည်။

ထို့အပြင် နစကဥက္ကဋ္ဌမှ လက်နက်ကိုင်နည်းလမ်းဖြင့် မိမိတို့လိုလားချက်ကို တောင်းဆို၍မရဘဲ နိုင်ငံရေး စားပွဲဝိုင်း သို့ရောက်လာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကို ပြေလည်စေမည်ဟု ဒီဇင်ဘာ ၁၅ ရက်နေ့ က ကျရောက်သည့် နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပြီး ပြောဆိုထားသည်။