CNI News
၂၀၂၅ ခုနှစ်၊ မေလ ၂
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် မြန်မာ့တပ်မတော်တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံစဉ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသို့ TNLA တပ်ဖွဲ့များ ပြန်ဆုတ်ခွာရန် မြန်မာ့တပ်မတော်ဘက်က သဘော ထားရပ်တည်၍ ဆွေးနွေးပွဲ အဆင်မပြေဘဲ အဆုံးသတ်ခဲ့သည်။
တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုဖြင့် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်က တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ အပစ်အခတ်ရပ်စဲနိုင်ရန် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံမှုတွင် နစက/မြန်မာ့တပ်မတော်ဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် စသည့် ဒေသများမှ TNLA တပ်ဖွဲ့များအားလုံးကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နှင့် မန်တုံမြို့နယ်အတွင်း သို့ ပြန်လည်ဆုတ်ခွာရန် သဘောထားပေးခဲ့သည်ဟု TNLA က မေလ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုတောင်းဆိုချက်ကို PSLF/TNLA ကိုယ်စားလှယ်များက သဘောမတူနိုင်သဖြင့် နှစ်ဖက် အပြန်အလှန် ဆွေးနွေး မှု ထပ်ဆင့်မတိုးနိုင်သေးဘဲ နှစ်ဖက်အပစ်အခတ်ရပ်စဲနိုင်ရန်အတွက် လာမည့် ဩဂုတ်လတွင် ထပ်မံ တွေ့ဆုံရန် သဘောတူညီခဲ့ကြသည်ဟု TNLA က ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲကို TNLA ဘက်က ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျာ ဦးဆောင်တက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော်ဘက်က ကစထ(၁)မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်တက်ရောက်ခဲ့သည်။
TNLA နှင့် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ်များသည် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်များက လည်း တွေ့ဆုံ ဆွေးနွေးခဲ့ရာမှာ သဘောတူညီမှုမရဘဲ အဆုံးသတ်ခဲ့သေးသည်။