CNI International News

ဆိုးလ်၊ ဒီဇင်ဘာ ၁၀

တောင်ကိုရီးယားတရားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်တွင် သမ္မတယွန်းဆော့ရွဲ(Yoon Suk Yeol )ကို ပြည်ပ ထွက်ခွာခွင့် ပိတ်ပင်လိုက်သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် လွန်ခဲ့သည့် သီတင်းပတ်က ယွန်း၏ စစ်အုပ်ချုပ်ရေး ကြေညာမှုနှင့်ဆက်နွှယ်ပြီး ပုန်ကန်မှု အပါအဝင် အခြားစွဲချက်များအတွက် စုံစမ်းစစ်ဆေးနေချိန်တွင် ယခုကဲ့သို့ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အရပ်ဖက် အုပ်ချုပ်ရေးကို ဆိုင်းငံ့ခဲ့ပြီးနောက် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန် ကြေညာခဲ့ကာ စစ်သားများနှင့် ရဟတ်ယာဉ်များကို လွှတ်တော်၌ ဖြန့်ကြက်ချထားခဲ့သည်။

နာရီပိုင်းအကြာတွင် လွှတ်တော်က ယွန်း၏ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာချက်ကို မဲခွဲပြီး ပယ်ချခဲ့ပြီးနောက် မကြာမီ အချိန်အတွင်းမှာပင် ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူများကိုတွေ့ရစဉ်

အတိုက်အခံများကမူ ယွန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တရားဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ကြောင်း ပြောကြားခဲ့ပြီး စွပ်စွဲပြစ်တင်ရန် အဆိုပြုချက် တင်သွင်းခဲ့သည်။

သို့သော် အာဏာရပါတီကမူ လွှတ်တော်တွင် ယွန်းအား စွပ်စွဲပြစ်တင်ရန် အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်မှုအား ဆန့်ကျင်ခဲ့သဖြင့် အာဏာရပါတီသည် အာဏာကို ဆက်လက် ဖက်တွယ်ထားပြီး ဒုတိယအကြိမ် အာဏာသိမ်းရန် စီစဉ်နေကြောင်း အတိုက်အခံများက စွပ်စွဲခဲ့သည်။

အာဏာရ ပြည်သူ့အင်အားပါတီကလည်း ယွန်းသည် စွပ်စွဲပြစ်တင် ခံရမည့်အရေးမှ လွတ်မြောက်သော်လည်း နောက်ဆုံးတွင် ရာထူးမှ နုတ်ထွက်ရမည်ဟု ပြောကြားခဲ့သည်။

တောင်ကိုရီးယား တရားရေးဝန်ကြီးဌာနကမူ ယွန်းကို ပုန်ကန်မှု စွဲချက်နှင့်ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး နေသဖြင့် ယွန်းအား ပြည်ပထွက်ခွာခွင့် ပိတ်ပင်ကြောင်း ဒီဇင်ဘာ ၉ ရက်က တောင်ကိုရီးယားလွှတ်တော်တွင် ကြားနာ စစ်ဆေးမှု ပြုလုပ်ချိန်အတွင်း ကြေညာခဲ့သည်။

Source: အေပီ