CNI International News

ဒမတ်စကတ်၊ ဇန်နဝါရီ ၁၄

ဆီးရီးယားနိုင်ငံတွင် အာဏာရှင် ဘာရှာအာဆတ် (Bashar Assad)အစိုးရ ပြုတ်ကျသွားမှုကြောင့် ဆီးရီးယားရှိ ရုရှားစစ်စခန်းများ၏ အနာဂတ်သည် မရေရာမှုများနှင့် ရင်ဆိုင်နေရကာ အာဖရိကတွင်လည်း ရုရှား၏ ဩဇာ လွှမ်းမိုးမှုကို အားနည်းသွားစေနိုင်ကြောင်း DW သတင်းတွင် ဖော်ပြခဲ့သည်။

လက်ရှိတွင် ဆီးရီးယား၏ တာတပ်စ် (Tartus) မြို့ရှိ ရုရှားရေတပ်စခန်းနှင့် Hmeimim မြို့ရှိ ရုရှားလေတပ်စခန်း တို့သည် ရုရှားနိုင်ငံအပြင်ဘက်တွင် တပ်စွဲထားသည့်  တစ်ခုတည်းသော စစ်စခန်းများ ဖြစ်လာခဲ့သည်။

ထိုရေတပ်စခန်းနှင့် လေတပ်စခန်းသည် အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသတွင် ရုရှား၏ စစ်ရေးလှုပ်ရှားမှုများ အတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။

အာဖရိကမှာ ရုရှားအလံကို တွေ့ရစဉ်

ထို့ကြောင့် ဆီးရီးယားရှိ ထိုစစ်စခန်းများကို လက်လွှတ်လိုက်ရမည်ဆိုပါက မာလီ၊ ဖာကီနာဖာဆို၊ နိုက်ဂျာ၊ ဗဟို အာဖရိကသမ္မတနိုင်ငံနှင့် လစ်ဗျားနိုင်ငံတို့ရှိ ရုရှား၏ အာဖရိကတပ်ဖွဲ့များ (ယခင် ဝဂ်နာအုပ်စု-Wagner Group ဟု လူသိများ) အတွက် ထိခိုက်နစ်နာစေမည်ဖြစ်ကြောင်း ဆီနီဂေါနိုင်ငံရှိ လုံခြုံရေးကျွမ်းကျင်သူ ဘီဗာလေ အော့ခီယန် (Beverly Ochieng) က ပြောကြားခဲ့သည်။

“ဆီးရီးယားနိုင်ငံမှာ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကြောင့် မာလီမှာရှိတဲ့ အယ်ကေဒါအဖွဲ့ဟာ အောင်ပွဲခံနေပြီး ရုရှားနဲ့ မာလီအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုတွေကို လျော့ပါးစေဖို့အတွက် အယ်ကေဒါတွေက လုပ်ဆောင် လာနိုင်ပါတယ်”ဟု ၎င်းက ပြောသည်။

ရုရှား၏ ကြေးစားစစ်သားများသည် ဆာဆယ်ဒေသရှိ နိုင်ငံများ (Sahel countries) ၏ စစ်အစိုးရများကို အာဏာ ဆက်တည်မြဲစေရန် ကူညီပေးခဲ့သည်။

ရုရှားရေတပ်ကို တွေ့ရစဉ်

ရုရှားသည် ထိုနိုင်ငံများရှိ ကြေးစားစစ်သားများကို ထောက်ပံ့ရန် ဆီးရီးယားရှိ စစ်စခန်းများကို အသုံးပြုခဲ့သော် လည်း လက်ရှိတွင် ဆီးရီးယားရှိ ရုရှားစစ်စခန်းများ၏ အနာဂတ်သည် မရေရာသည့် အခြေအနေနှင့် ရင်ဆိုင် နေရသည်။

ထို့ကြောင့် ဆာဟယ်ဒေသရှိ ရုရှား၏ အာဖရိကတပ်ဖွဲ့များနှင့် စစ်အစိုးရများသည် ရုရှားထံမှ အကူအညီကို ရရှိရန် အခက်အခဲများနှင့် ရင်ဆိုင်လာခဲ့ရသည်။

ထိုအခြေအနေမျိုးတွင် ရုရှားက ထိရောက်စွာ ကူညီပေးနိုင်ခြင်း မရှိပါက အာဖရိက၌ ရုရှား၏ ဩဇာအာဏာသည် ကျဆင်းလာဖွယ်ရှိကြောင်း အော့ခီယန်က ပြောကြားခဲ့သည်။

Source: DW