CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄
အာဏာအရင်းအမြစ်အား တိုက်ရမည့်အစား အာဏာ၏ အစွန်အဖျားများတွင် တိုက်ပွဲများ ဖော်ဆောင်နေ သောကြောင့် မလိုအပ်ဘဲ တိုင်းပြည်၏ ဆုံးရှုံးနစ်နာမှုများ ဘက်စုံဖြစ်သွားနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦးဒေသတွင် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးဖော်ဆောင်မှုများ ပြုလုပ်မည်ဟု ညောင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပုဂံပြည်ဘီလူးတပ်) က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်၌ ထုတ်ပြန် ပြောကြားခဲ့သည်။
ထို့အတူ ပုသိမ်-မုံရွာ လမ်းမကြီးနှင့် ကျေးရွာချင်းဆက်နေသည့် လမ်းများအား အသုံးမပြုရန် မကွေးတိုင်း ဒေသကြီး၊ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင် သတိပေးခဲ့သည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
ထို့ပြင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အပိုင် အမ်း-ပဒါန်းလမ်း ရိုးမတောင်ကြားမှာရှိသော ဂုတ်ကြီး၊ စွန်တက် နှင့် လင်းတဲ ရွာသုံးရွာကြားတွင် မြန်မာ့တပ်မတော်နှင့် အာရက္ခတပ်တော် (AA)၊ အရှိုချင်း ကာကွယ်ရေးတပ် (CDF-Asho) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ကျေးလက်တောရွာများတွင် ပဋိပက္ခများ ပြန့်ကျဲနေလျှင် ဒေသခံလူမျိုးများ၊ ဌာနေလူမျိုးများနှင့် ဌာနေကျေးရွာ များ ပျက်စီးမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
ဗိုလ်မှူးကြီးခွန်ဥက္ကာက “အာဏာအရင်းအမြစ်ကို တိုက်ရမယ့်ဟာက အခုအာဏာရဲ့ အစွန်အဖျားတွေမှာ ဖြစ်နေ တဲ့ခါကျတော့ မလိုအပ်ဘဲနဲ့ တိုင်းပြည်ရဲ့ ဆုံးရှုံးနစ်နာမှုတွေက ဘက်စုံ ဖြစ်သွားနိုင်တယ်၊ ကျေးလက်တောရွာ တွေမှာ ပဋိပက္ခတွေ ပြန့်ကျဲပြီးတော့ဖြစ်ရင် ဒေသခံလူမျိုးတွေပေါ့ဗျာ၊ ဌာနေလူမျိုးတွေ၊ ဌာနေကျေးရွာတွေရဲ့ နှစ်ဖက်ကြားမှာ ပျက်စီးခြင်းဖြစ်မှာပေါ့၊ ကျွဲနှစ်ကောင် ခတ်တဲ့ကြား မြေစာပင်ဖြစ်မှာပေါ့၊ မြေစာပင် အခုလည်း ဖြစ်နေကြပြီ၊ အဲဒီလိုမြေစာပင်က အကြာကြီးဖြစ်လို့တော့ မသင့်တော်ဘူး၊ ဒါကြောင့် အစွမ်းအစ တကယ်ပဲ ပြည့်ဝတယ်ဆိုရင်တော့ စီးချင်းထိုးတာပေါ့ဗျာ၊ နင်လားငါလား အဲဒီလိုအထိ ထိထိရောက်ရောက် တော်လှန် တွန်းလှန်နိုင်တယ် ဆိုရင်တော့ တစ်မျိုးကောင်းတာပေါ့၊ အချိန်ကုန် သက်သာပြီးတော့ နိုင်ငံသားတွေလည်း ပျက်စီးဆုံးရှုံးမှုက နည်းတာပေါ့ဗျာ၊ ဒီလိုမထိတထိနဲ့ ရေရှည်သွားနေရင် ဆုံးရှုံးမှုတွေက သိပ်များပြီးတော့ ပြန်လည်ထူထောင်တဲ့ နေရာမှာ အခက်အခဲ ပိုဖြစ်နိုင်တယ်လို့ ဒါကြောင့် ပြောတာပါ၊ နိုင်ငံရေးအရ မတူသေးလို့ မလုပ်နိုင်တာတောင်မှ တပ်ပေါင်းစုဖွဲ့ရေးမူက လူတိုင်းပြောနေကြတာပဲ၊ အစုအဖွဲ့ ချိတ်ဆက်နိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ အဲတာ မလုပ်နိုင်သေးရင်တော့ ဒီလိုဘဲ အောက်ခြေမှာ အစွန်အဖျားတွေမှာ ပျံ့နှံနေရင်တော့ ပြည်သူလူထု နစ်နာဆုံးရှုံးဖို့ပါ၊ ရှင်းရှင်းပြောရရင်တော့ အဲဒါပါ” ဟု ပြောသည်။
၂၀၂၅ ခုနှစ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းများက စစ်ရေးအရှိန်မြှင့်သွားမည် ဖြစ်သောကြောင့် တိုက်ပွဲများ အတွင်း ချမှတ်ထားသည့် ဘေးကင်းလုံခြုံရေး အစီအမံများအား အထူးလိုက်နာကြရန် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက သတိပေးထားသည်။
ကာ/လုံ အစည်းအဝေးကျင်းပနေစဉ်
PDF များတွင် ဗဟိုချုပ်ကိုင်မှု မရှိသောကြောင့် တိုက်ချင်သလို တိုက်နေကြခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် လက်နက်ကိုင် မတိုက်ခိုက်စေရန် အုပ်ချုပ်သည့်သူများမှ စီမံခန့်ခွဲမှုများ လုပ်ဖို့လိုကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဒီမှာက ဗဟိုချုပ်ကိုင်မှုဆိုတာ မရှိဘူးလေ၊ သူ့နေရာနဲ့သူ PDF တွေက သူတိုက်ချင်သလို တိုက်နေကြတာ၊ အဲတာတွေသွားပြီးတော့ ဝေဖန်လို့ကတော့ မဖြစ်ဘူးပေါ့၊ ဗဟိုချုပ်ကိုင်မှု မရှိဘူး၊ ပြည်သူတွေက လက်နက်နဲ့ ကိုင်ပြီးတော့ ပြန်တိုက်ရတဲ့ အဆင့်ရောက်တာကိုး၊ အဲလိုရောက်တဲ့အခါကျတော့ ပြည်သူတွေက လက်နက်ကိုင် တိုက်တဲ့ပေါ်မှာ ဆရာတို့အနေနဲ့ ဘာမှဝေဖန်စရာ မရှိဘူးပေါ့နော်၊ ပြည်သူတွေ လက်နက်ကိုင် မတိုက်ချင်အောင် လုပ်ပေးပေါ့ အုပ်ချုပ်တဲ့သူတွေက စီမံခန့်ခွဲမှု လုပ်ပေးပေါ့”ဟု ပြောသည်။
နယ်မြေဒေသ စိုးမိုးထားပြီး စစ်ရေးအရ အနိုင်ရထားသော်လည်း စစ်ရေးအား နိုင်ငံရေးရလဒ်အဖြစ် တရားဝင် ပြောင်းလဲနိုင်ရန် ဆွေးနွေးပွဲများ လိုအပ်သောကြောင့် စစ်ရေးနှင့် နိုင်ငံရေး ဟန်ချက်ညီမှသာ အဆင်ပြေနိုင်မည် ဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံ တစ်ဝှမ်းမှာ မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေကြသည်။
ထိုတိုက်ပွဲများကြောင့် မြန်မာ့တပ်မတော်သည် မြို့နယ် ၉၀ ကျော် အပါအဝင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ)၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) နှင့် စစ်စခန်းပေါင်း ရာချီ လက်လွတ်ထားရပြီး အစိုးရ၏ အုပ်ချုပ် ရေး မြို့တော် နေပြည်တော်ကိုတော့ ဖိအားပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။