CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄

နစကအနေဖြင့် ၆ လသက်တမ်းကုန်ဆုံးမည့် ဇန်နဝါရီလ ၃၁ ရက် နောက်ပိုင်းတွင် နိုင်ငံရေးလမ်းကြောင်းဘက် ပို၍ဦးစားပေးလာလိမ့်မည်ဟု ယူဆကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

နစကအနေဖြင့် ထပ်မံ သက်တမ်းတိုးသည့်အခါတွင် နိုင်ငံရေးအရွေ့ မည်သည့်ပုံစံ ဖြစ်လာမည်ကို မသိကြ သေးသည့်အတွက် ဇန်နဝါရီ ၃၁ နောက်ပိုင်း ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းကို စောင့်ကြည့်ရန် လိုကြောင်းလည်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဒီလ ၃၁ ရက်နေ့ SAC သက်တမ်း ထပ်ကုန်တဲ့အချိန်မှာ ဖြစ်ပေါ်လာမယ့် နိုင်ငံရေး အခင်းအကျင်းကိုလည်း စောင့်ကြည့်ဖို့ လိုမယ်လို့ထင်ပါတယ်။ ဒီလ ၃၁ ရက်နေ့မှာဆို ၆ လ သက်တမ်းတိုးတာ ကုန်ပြီဆိုတော့ အဲဒီ ၆ လ သက်တမ်းတိုးပြီးနောက်မှာ နိုင်ငံရေးအရွေ့ ဘယ်လိုပုံစံ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ မသိသေးဘူးဖြစ်နေတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာမှ စစ်ရေးမြှင့်မလား၊ နိုင်ငံရေးမြှင့်မလားပြောရင် သုံးသပ်ရင် ပိုမှန်နိုင်တယ်လို့တွက်ရင် မှန်ပါတယ်။ သက်တမ်းတိုးဖြစ်လား ပုံစံဘယ်လို ပြောင်းမလဲဆိုတာ ဘယ်သူမှ နိုင်ငံရေး ဗေဒင်ဟောလို့တော့ တတ်ပါတယ်။ ဘာပဲဖြစ်ဖြစ်တော့ နိုင်ငံရေးလမ်းကြောင်းဘက်ကိုတော့ ပိုပြီး ဦးစားပေးလာ လိမ့်မယ်လို့ ယူဆပါတယ်။ စစ်ရေးက ၂၀၂၄ မှာ အမြင့်ဆုံးရောက်ခဲ့ပြီဆိုတော့ ဒီနှစ်ကတော့ နိုင်ငံရေးဘက်ကို မြှင့်ဖို့လိုမယ်လို့ အားလုံးက သုံးသပ်ကြတာပေါ့လေ။ ဒါကြောင့် နိုင်ငံရေးဘက်က မြှင့်လာတဲ့အချိန်မှာ အခု လက်နက်ကိုင် တိုက်နေတဲ့ အင်အားစုတွေက နိုင်ငံရေးရည်မှန်းချက် ရနိုင်တယ်ဆိုရင် နိုင်ငံရေးဘက်ကလည်း ရနိုင်တယ်ဆိုရင် တစ်မျိုးတဖုံ စဉ်းစားမှာပေါ့” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

နစကဥက္ကဋ္ဌသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က NLD အစိုးရကို ဖြုတ်ချပြီး နိုင်ငံတော် အာဏာကို ရယူခဲ့သည်မှာ လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် သက်တမ်း ၄ နှစ်ပြည့်မည်ဖြစ်သည်။ 

ထို ၄ နှစ်တာအတွင်း အပြောင်းအလဲ ၆ လစီ သက်တမ်းတိုးခဲ့ရာမှာလည်း ၆ ကြိမ်အထိ ရှိထားပြီဖြစ်သည်။ 

သို့သော် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု အကြိမ်ကြိမ်ပြောဆိုနေခြင်းကြောင့် နောက်ထပ် ၆ လ သက်တမ်း ထပ်မံတိုးဦးမည်ဟု ယူဆကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ပြောသည်။

၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ တစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ် မတော်ဘက်မှ ရမခနှင့် နပခ စစ်တိုင်းဌာနချုပ် ၂ ခုအပါအဝင် စစ်စခန်းပေါင်း ရာချီနှင့် မြို့နယ် ၉၀ ကျော်ကို လက်လွတ်ထားရသည်။

ထို့ကြောင့် ယခု ၆ လ သက်တမ်းတိုးသည့် အခါတွင် ၎င်းတို့၏ စစ်ရေးကို ပြန်မြှင့်နိုင်ဖွယ်ရှိသကဲ့သို့ အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာ သံတမန်များအပေါ် ကတိပေးထားသည့်အတိုင်း နိုင်ငံရေးနည်းလမ်းဖြစ်သော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုလည်း အကောင်အထည် ဖော်နိုင်ဖွယ်ရှိကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များက သုံးသပ်ကြသည်။

နစကအနေဖြင့် နောက်ထပ် သက်တမ်း ၆ လ တိုးဦးမှာဖြစ်ပြီး ၎င်းတို့ လုပ်စရာရှိသည့် အရာများကို ဆက်လက် လုပ်ဆောင်သွားဦးမှာဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၏ ပြောရေး ဆိုခွင့်ရှိသူ ဦးမျိုးကျော်ကို CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံရေးပါတီများ တွေ့ဆုံစဉ်

၎င်းက “သက်တမ်းကတော့ တိုးမှာပဲ။ သက်တမ်းက မတိုးဘူးဆိုတဲ့ဟာမျိုးတော့ မဖြစ်နိုင်ဘူးလေ။ အခုလည်း တောက်လျှောက်လည်း တိုးလာတာကို။ သက်တမ်းကတော့ တိုးလိမ့်မယ်လို့ပဲ သိထားတယ်။ သူလည်း သူလုပ် စရာရှိတဲ့ အလုပ်ကို သူတို့ ဆက်လုပ်မှာပဲ။ အခုအချိန်ထိ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စကစ အနေနဲ့ မအလ အနေနဲ့ လုပ်ချင်တာကို သူတောက်လျှောက် လုပ်လာတာပဲရှိတယ် သူ့ဘက်ကနေ အလျှော့ပေးတာ စေ့စပ် ဆွေးနွေးပွဲ အပြုသဘောဆောင်တဲ့ဟာမျိုး ဘာတစ်ခုမှလည်း မတွေ့ရဘူး။ တောက်လျှောက် သူလုပ်ချင်တာ လုပ်တယ်။ သူပြောတဲ့အတိုင်းပေါ့ သူတို့ကတော့ မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့အတိုင်း လုပ်နေတာကို မြင်နေရ တယ်” ဟု ပြောသည်။

တစ်ဖက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများမှ ၂၀၂၅ ခုနှစ်တွင် တိုက်ပွဲ များ ပိုမိုဖော်ဆောင်မည်ဟု ထုတ်ပြန်ပြောကြားလာ၍ ၂၀၂၄ ခုနှစ်ထက် စစ်ရေးပဋိပက္ခပိုမို များပြားလာနိုင် ကြောင်းလည်း သုံးသပ်မှုများရှိသည်။

ထို့အတူ နစကအနေဖြင့် သက်တမ်းထပ်တိုးကာ ၂၀၂၅ ခုနှစ်၊ မေလတွင် ရွေးကောက်ပွဲအတွက် ကြေညာ လာနိုင်ပြီး နိုင်ဝင်ဘာလထဲတွင် အပြီးသတ် လုပ်ဆောင်လာနိုင်ကြောင်း၊ ထို့နောက် ၂၀၂၆ ခုနှစ်၊ ဧပြီလတွင် အနိုင်ရရှိသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်း ပေးအပ်မည်ဆိုသော အစီအစဉ်များ ရှိနေနိုင်ကြောင်း သံတမန် အသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေသည်။