CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို မည်သည့်အဖွဲ့အစည်းမှ နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ဖို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့က ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန် ပြောကြားခဲ့သည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီ ၁၅ ရက်တွင် ကျင်းပလျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် (၃၆)ကြိမ်မြောက် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ကျင်းပမည်ဖြစ်သည်။

ယခုနှစ်တွင် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နန်းယွန်း၊ ရှင်ဘွေယန်၊ တနိုင်း၊ ပန်ဆောင်၊ ဒုံဟီး၊ လဟယ်၊ ထန်ပါခွေ၊ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ ဆမ္မရာ စသည့် မြို့များ၌ ကျင်းပသွားမည်ဖြစ်၍ မည်သည့်အဖွဲ့အစည်းမှ နှောင့်ယှက်ဟန့်တားခြင်း မပြုလုပ်ရန် တားမြစ်ကြောင်း NSCN-K/AM အဖွဲ့ ဒုဥက္ကဋ္ဌ ဦးညိုင်းတွန်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့သည်။

NSCN-K/AM အဖွဲ့ထုတ်ပြန်ချက်ကို တွေ့ရစဉ်

NSCN-K/AM အဖွဲ့သည် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)အဖွဲ့ကနေ ၂၀၂၃ ခုနှစ်က ခွဲထွက်လာခဲ့သော နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ထိုအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် မြန်မာ-အိန္ဒိယနယ်စပ်တွင် အခြေပြုလှုပ်ရှားသော နာဂလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

နာဂလူမျိုးများတွင် လက်နက်ကိုင်များအနေဖြင့် NSCN-K/AM၊ NSCN-K/YA၊ NSCN-IM၊ နာဂပြည်သူ့လွတ်မြောက် ရေးတပ်ဖွဲ့(NPDF)၊ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO/ENDA)တို့ အပါအဝင် တခြားသော အဖွဲ့အစည်းများ ကျန်ရှိနေသေးသည်။