CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၁

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ-၁ နယ်မြေ သထုံခရိုင်အတွင်းရှိ တပ်မတော်စခန်းများ KNU နယ်မြေမှ ဆုတ် ခွာရန် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း-၂ ၏ ထုတ်ပြန်ချက်သည် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် ကနေ သွေဖယ်နေသည်ဟု သေနင်္ဂမဟာဗျူဟာမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောသည်။

KNDO တပ်ရင်း (၂)က တပ်မဟာ-၁ နယ်မြေအတွင်းတွင် တပ်စွဲထားသည့် တပ်မတော်၏ လေးကေစခန်းနှင့် ဝင်းတာပန် စခန်းတို့ကို ဧပြီ ၂၃ ရက်နေ့ ည ၆ နာရီ နောက်ဆုံးထားပြီး ဆုတ်ခွာရမည်ဟု ထုတ်ပြန်ခဲ့သည်။

သေနင်္ဂမဟာဗျူဟာမှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက “အရင်တုန်းကတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုဖြစ်ပါတယ်၊ ဘာညာ အမျိုးစုံအော်ကြပေမဲ့ အခုချိန်မှာ ဒါငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားစစ်စစ် ထွက်လာတယ်လို့ပဲ ပြောရမှာ ပါ၊ ပြောရရင် သူတို့ ငြိမ်းချမ်းရေးကို သိပ်လိုလားပုံ မရှိတော့တဲ့ အနေအထား။ အထူးသဖြင့်တော့ ဒီ KNDO ပဲပေါ့နော်၊ ကရင် ဖက်မှာလည်း အဖွဲ့တွေက ကွဲနေတဲ့ အခါကြတော့ အခုလောလောဆယ် လက်ရှိ စာထုတ်တဲ့ ဖက်ကတော့ သဘောထား တင်းမာနေတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တော်တော်လေး သွေဖယ်သွားတဲ့ သဘောလို့ပဲ သုံးသပ်ပါတယ်။ သေချာတာ က KNU ထဲမှာ KNDO ရဲ့ ရပ်တည်ချက်နဲ့ သူတို့ထုတ်တဲ့ စာအရတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပေါ် သိပ်တက်လာမဲ့ ပုံ တော့ မရှိဘူးလို့ ခန့်မှန်းပါတယ်ဗျ”ဟု ပြောသည်။

KNDO တပ်ရင်း-၂ ထုတ်ပြန်ချက်

အဆိုပါ ထုတ်ပြန်ချက်ကြောင့် တိုက်ပွဲအရှိန် မြင့်လာနိုင်ကြောင်း၊ လက်ရှိ နယ်စပ်တွင်လည်း KNU တစ်ဖွဲ့တည်း မဟုတ်သည့် အတွက် တိုက်ပွဲအရှိန်မြင့်ရန် ကြိုးစားလာနိုင်ကြောင်း ဦးသိန်းထွန်းဦးက ပြောသည်။

ထို့နောက် KNDO တပ်ရင်း(၂)၏ ထုတ်ပြန်ချက်သည် KNDO မှ ထုတ်ပယ်ခံလိုက်ရသော စောနယ်ဒါးမြ ဦးဆောင်သည့် အဖွဲ့ကဖြစ်ကြောင်း၊ KNU သို့မဟုတ် KNDO အနေဖြင့် ထုတ်ပြန်ခြင်းမဟုတ်ကြောင်း KNU နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

KNU ၏ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးက ထိုကိစ္စမှာ မိမိအနေဖြင့် မပြောနိုင်ကြောင်း၊ တပ်ရင်း(၂) ဆိုသည်မှာလည်း KNLA တပ်မဟာ ၁ နယ်မြေတွင် ရှိသည့်အတွက် အချင်းချင်း ညှိနှိုင်းဆောင်ရွက်ခြင်းများ ရှိသည်ဟု နားလည်ရကြောင်း ပြော သည်။

KNU တပ်ဖွဲ့ကိုတွေ့ရစဉ်

ပဒိုစောတောနီးက “အဲဒါတော့ ကျနော် မပြောနိုင်ဘူးခင်ဗျ၊ ကျနော်သိတာကတော့ KNDO ဆိုတာကတော့ သူရဲ့ KNDO ဌာနချုပ်ရှိတယ်လေ၊ အဲဌာနချုပ် လက်အောက်ထဲမှာကတော့ တပ်ရင်း(၇)ရင်းဆိုတာ ရှိတယ်၊ တပ်ရင်း(၇)ရင်းမှာ တပ်ရင်း-၂ ဆိုတာကလည်း အပါအဝင် ဖြစ်တယ်၊ ဆိုတာတော့ နားလည်တာတော့ အဲလိုပဲ နားလည်ရတယ်၊ တခြားဟာတော့ မသိဘူးဗျ၊ နောက်ပြီးတော့ အဲဒီ တပ်ရင်း-၂ ဆိုတာက တပ်မဟာ-၁ အထဲမှာ ရှိတာပဲ၊ KNLA တပ်မဟာ-၁ အထဲမှာ ရှိတော့ သူတို့ အချင်း ချင်းကတော့ Coordination (ညှိနှိုင်းဆောင်ရွက်ခြင်း) အပြည့်အဝ ရှိတယ်လို့ပဲ နားလည်ရတယ်” ဟု ပြောသည်။

လက်ရှိ တပ်မဟာ- ၁ လှုပ်ရှားနယ်မြေဖြစ်သည့် ရန်ကုန် - မော်လမြိုင် ကားလမ်းပေါ်တွင် တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားနေကြောင်း၊ ထုတ်ပြန်ချက်ပါ တပ်စခန်း နှစ်ခုမှာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

KNDO ၏ ထုတ်ပြန်ချက်တွင် မိမိတို့ နယ်မြေအတွင်း စခန်းများ ဆုတ်ခွာခြင်းမရှိပါက စစ်ရေးအရ ထိရောက်စွာ အရေးယူ မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

KNDO သည် KNU ၏ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည်။