CNI International News

ဘေဂျင်း၊ ဖေဖော်ဝါရီ ၆

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် ဗွီဒီယို ဆက်သွယ်မှုမှတဆင့် ဆွေးနွေးပြီးနောက် နာရီပိုင်းအကြာ ဖေဖော်ဝါရီ ၄ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)နှင့် ဖုန်းဖြင့် ဆက်သွယ် စကားပြောခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထိုင်ဝမ်အရေးသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် အရေးကြီးဆုံး ကိစ္စတစ်ခုဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်း သည် တရုတ်ပိုင်နက်ဖြစ်ကြောင်းနှင့် ထိုင်ဝမ် ခွဲထွက်ခွင့်ကို မည်သည့်အခါမျှ ခွင့်ပြုမည် မဟုတ်ကြောင်း  ရှီက ထရမ့်ကို ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနေဖြင့် အမျိုးသား အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေးကို ကာကွယ်စောင့်ရှောက် ရမည်ဖြစ်ကြောင်း ရှီက ပြောကြားခဲ့ပြီး ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုများကို အလွန် သတိထား ဆောင်ရွက်ရန် အမေရိကန်ကို တိုက်တွန်းခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကို ၎င်း၏ နယ်နိမိတ် တစ်ခုအဖြစ် ရှုမြင်ထားပြီး လိုအပ်ပါက အင်အားသုံးပြီး ထိန်းချုပ်သွား မည်ဟု ပြောကြားထားသည်။

အမေရိကန် အပါအဝင် နိုင်ငံအများစုသည် ထိုင်ဝမ်ကို သီးခြားလွတ်လပ်သော နိုင်ငံတစ်ခုအဖြစ် အသိအမှတ် မပြုသော်လည်း အမေရိကန်သည် ထိုင်ဝမ်ကျွန်းကို အင်အားသုံး သိမ်းယူမည့် မည်သည့် ကြိုးပမ်းမှုကိုမဆို ဆန့်ကျင်ကြောင်း ပြောကြားထားပြီး ထိုင်ဝမ်ကို လက်နက်များ ထောက်ပံ့ပေးမည်ဟု ကတိပြုထားသည်။

ထိုင်ဝမ်သမ္မတ လိုင်ချင်တေးကို တွေ့ရစဉ်

အမေရိကန်သမ္မတ ထရမ့်ကမူ ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်၏ စိုးရိမ်ပူပန်မှုများကို အလေးထား ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စေရန်အတွက် တရုတ်အစိုးရနှင့် ဆက်သွယ်ညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်ဟု တရုတ်အစိုးရက ထုတ်ပြန်ခဲ့သည်။

တရုတ်၏ ထုတ်ပြန်ချက်တွင် ထိုင်ဝမ်အရေးကို အဓိကထား ဖော်ပြခဲ့သော်လည်း ထရမ့်၏ လူမှုမီဒီယာတွင်မူ ၎င်းနှင့် ရှီတို့သည် ကာလကြာရှည် ဖြစ်ပွားနေသည့် ရုရှား-ယူကရိန်း စစ်ပွဲ အကြောင်းကိုလည်း ဆွေးနွေးခဲ့ကြောင်း ရေးသားခဲ့သည်။

ရှီနှင့် ပူတင်တို့၏ ဗွီဒီယို ဆက်သွယ်မှုမှတဆင့် ဆွေးနွေးမှုတွင်မူ ကမ္ဘာ့အခြေအနေ မတည်မငြိမ် ဖြစ်နေချိန်တွင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာလာမှုကို ချီးကျူးခဲ့ကြသည်ဟု ရုရှားနိုင်ငံက ထုတ်ပြန်ခဲ့သည်။

ရှီနှင့် ပူတင်တို့၏ ဆွေးနွေးမှုသည် ရင်းနှီးပွင့်လင်းပြီး ယုံကြည်မှုရှိသော ဆွေးနွေးမှုဖြစ်ကာ ၁ နာရီခွဲနီးပါး ကြာမြင့် ခဲ့ကြောင်း ကရင်မလင်နန်းတော် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

Source: South China Morning Post