CNI International News

ကရာချီ၊ ဖေဖော်ဝါရီ ၆

ပါကစ္စတန်နိုင်ငံ၊ ဘာလူချီစတန် (Balochistan) တွင် သီတင်းတစ်ပတ်ကြာ ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအပြီးမှာ စစ်သွေးကြွ ၂၁၆ ဦးကို ချေမှုန်းနိုင်ခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ဖေဖော်ဝါရီ ၅ ရက်၌ ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ပါကစ္စတန်၏ အကြီးဆုံးနှင့် အဆင်းရဲဆုံးဖြစ်သည့် ဘာလိုချီစတန်ပြည်နယ်တွင် ဘာလို့ချ် လွတ်မြောက်ရေး တပ်မတော် (BLA) က ဇန်နဝါရီ ၃၁ ရက်မှ စတင်ပြီး စာသင်ကျောင်းများ၊ ဘဏ်များ၊ ဈေးများနှင့် လုံခြုံရေး အဆောက်အအုံများကို တိုက်ခိုက်ခဲ့ပြီးနောက် ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးနှင့် စီးပွားရေးများ ရပ်တန့်သွားခဲ့သည်။

ထိုတိုက်ခိုက်မှုများသည် BLA ၏ အကြီးမားဆုံး ထိုးစစ်တစ်ခုဖြစ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂၂ ဦးနှင့် အရပ်သား ၃၆ ဦး သေဆုံးခဲ့ကြောင်း ပါကစ္စတန်စစ်တပ်က ပြောကြားခဲ့သည်။

ပါကစ္စတန်စစ်တပ်သည် ဇန်နဝါရီ ၂၉ ရက်မှစပြီး  Radd Al-Fitna 1 အမည်ရှိ စစ်ဆင်ရေးကို ပြုလုပ်ခဲ့ပြီးနောက် BLA က ပြည်နယ်အတွင်းရှိ နေရာဒေသ အနှံ့အပြားတွင် ညှိနှိုင်းချိတ်ဆက်မှုရှိသည့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 ပါကစ္စတန်စစ်တပ် စစ်ဆင်ရေးအတွင်း ပျက်စီးမှုကိုတွေ့ရစဉ်

“Operation Radd-ul-Fitna-1 စစ်ဆင်ရေးအောက်မှာ တိကျတဲ့ အစီအစဉ်၊ ခိုင်လုံတဲ့ ထောက်လှမ်းရေးသတင်းနဲ့ ပါကစ္စတန်လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ တရားဥပဒေစိုးမိုးရေး အေဂျင်စီတွေဟာ ထောက်လှမ်းရေး အေဂျင်စီတွေနဲ့ အတူ ပူးတွဲဆောင်ရွက်မှုတွေကတဆင့် တိကျစွာ တုန့်ပြန်ဖြေရှင်းနိုင်ခဲ့ပါတယ်”ဟု ပါကစ္စတန်စစ်တပ်က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ဘာလိုချီစတန်ပြည်နယ်တွင် စစ်တပ်၏ စစ်ဆင်ရေး ကာလအတွင်း စစ်သွေးကြွ ၂၁၆ ဦး သေဆုံးခဲ့သည် ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

သောင်းကျန်းသူများသည် နေရာဒေသအနှံ့ရှိ အစိုးရ အဆောက်အအုံများနှင့် ရဲစခန်းများကို သိမ်းပိုက်ခဲ့ကြပြီး သဲကန္တာရမြို့ဖြစ်သော နုရှ်ကီ (Nushki) မြို့ကို သုံးရက်ကြာ ထိန်းချုပ်ထားနိုင်ခဲ့ပြီးမှ ပြန်လည်မောင်းထုတ်ခြင်း ခံခဲ့ရသည်ဟု လုံခြုံရေးအရာရှိများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

နုရှ်ကီမြို့ကို သောင်းကျန်းသူများက ဝိုင်းရံပိတ်ဆို့ထားမှုကို အဆုံးသတ်ရန်အတွက် ထိုမြို့သို့ ရဟတ်ယာဉ်များနှင့် ဒရုန်းများ စေလွှတ်ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သယံဇာတ ကြွယ်ဝသော ဘာလိုချီစတန် ပြည်နယ်သည် အီရန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး တရုတ်အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဂွါဒါ (Gwadar) ရေနက်ဆိပ်ကမ်းနှင့် အခြားစီမံကိန်းများ တည်ရှိရာ ဒေသလည်း ဖြစ်သည်။

Source: ရိုက်တာ