CNI International News
တီဟီရန်၊ ဖေဖော်ဝါရီ ၁၉
ပါရှန်းပင်လယ်ကွေ့၏ ကျဉ်းမြောင်းသည့် ဝင်ပေါက်နေရာ တစ်ခုဖြစ်သည့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ၏ အချို့နေရာများကို ယာယီပိတ်ထားကြောင်း အီရန်က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ကမ္ဘာပေါ်တွင် ရေနံတင်သင်္ဘောများ ဖြတ်သန်းမှု စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းရှိသည့် ထိုရေလက်ကြားတွင် အီရန် က ကျည်အစစ်များ အသုံးပြုပြီး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း အီရန်သတင်းအေဂျင်စီများမှ ဖော်ပြခဲ့ ပြီးနောက် အီရန်က ဟော်မုဇ်ရေလက်ကြား၏ အချို့နေရာများကို ပိတ်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားမှုသည် ရှားပါးဖြစ်စဉ် တစ်ခုဖြစ်ပြီး အမေရိကန်က အီရန်အား တိုက်ခိုက်ခဲ့မည်ဆိုပါက အီရန်သည် ဟော်မုဇ်ရေလက်ကြားကိုပိတ်ကာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်အောင် လုပ်နိုင်ခြေရှိသည့် သတိပေးချက်တစ်ခုဖြစ်သည်။
အတိတ်ကာလများက တင်းမာမှုများနှင့် ပဋိပက္ခများတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသည့် သင်္ဘောများကို နှောင့်ယှက်သည့် ဖြစ်စဉ်များ ရှိခဲ့သည်။
၁၉၈၀ ပြည့်နှစ်ကျော် ကာလများက အီရန်-အီရတ် စစ်ပွဲအတွင်း နှစ်နိုင်ငံစလုံးသည် ဟော်မုဇ်ရေလက်ကြားရှိ ရေနံတင် သင်္ဘောများနှင့် အခြားသင်္ဘောများကို ရေမြှုပ်မိုင်းများ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကာ ကုန်သွယ်ရေး လမ်းကြောင်များကို အလုံးစုံရပ်တန့်စေရန် လုပ်ဆောင်ခဲ့သည်။

အီရန်လုံခြုံရေးတပ်ဖွဲ့ကို တွေ့ရစဉ်
သို့သော် ၁၉၈၀ ပြည့်နှစ်ကျော် ကာလများ နောက်ပိုင်းတွင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည့်တိုင် လက်တွေ့တွင်မူ ပိတ်ခဲ့ခြင်းမရှိပေ။
ပြီးခဲ့သည့်နှစ်က အစ္စရေးနှင့်ဖြစ်ပွားခဲ့သည့် ၁၂ ရက်ကြာ စစ်ပွဲအတွင်း အမေရိကန်က အီရန်၏ နျူကလီးယား စက်ရုံများကို ဗုံးကြဲ တိုက်ခိုက်ခဲ့သည့်တိုင် အီရန်သည် ဟော်မုဇ်ရေလက်ကြားကို ပိတ်ခဲ့ခြင်းမရှိပေ။
အီရန်အနေဖြင့် ယခုအကြိမ်တွင် ဟော်မုဇ်ရေလက်ကြားကို မည်မျှကြာ ပိတ်ထားမည် ဆိုခြင်းနှင့် ထိုကဲ့သို့ ပိတ်ထားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ရလဒ်များအား ရှင်းလင်းစွာ မသိရသေးပေ။
အမေရိကန် ဗဟိုစစ်ဌာနချုပ်ကလည်း အီရန်၏ စစ်ရေးလေ့ကျင့်မှုနှင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားမှု တို့နှင့်ပတ်သက်ပြီး ချက်ချင်း မှတ်ချက်ပေးခဲ့ခြင်းမရှိပေ။
Source: အေပီ
