CNI News

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါးတစ်ယောက် တပ်မတော်ထံ လက်နက်ချ အလင်းဝင်သွားမှုက ဘာကြောင့် ဖြစ်နိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့် နိုင်ငံရေး အကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈ ရက်နေ့က BNRA အဖွဲ့ခေါင်းဆောင် နိုင်လင်း(ခေါ်) နဂါးနှင့် ၎င်း၏ မိသားစု ဝင်များသည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြောင်း နေပြည်တော်က သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ ဗိုလ်နဂါး အလင်းဝင်သွားခြင်းသည် တော်လှန်ရေး အဖွဲ့အစည်းများကြား စုစည်းမှု မရှိသည် ကို ပြရာရောက်ပြီး NUG ဘက်မှ လက်ဦးမှုရှိစွာ သေချာ စည်းရုံးဖျောင်းဖျမှု အားနည်းခဲ့သည်ဟု ထင် ကြောင်း တရုတ်-မြန်မာအရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြော သည်။

NUG ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ PDF ကို တွေ့ရစဉ်

၎င်းက “တချို့လူတွေ ထင်သလို ဗိုလ်နဂါးက အစောကြီးကတည်းက စစ်တပ်နဲ့များ အဆက်အသွယ် ရှိလားမှ မသိတာ။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ဘက်က တော်လှန်ရေးသမားတွေဘက်က အမြဲသတိ ရှိရမှာက စစ်အုပ်စုကလည်း သူအလကား မနေဘူး။ သူကလည်း သူ့ဆက်လက် ရှင်သန်ရေးအတွက် အမြဲတမ်း စစ်အုပ်စုမှာ အင်မတန် အောင်မြင်တဲ့ နည်းလမ်းရှိတယ်။ အဲဒါက ဘာလဲဆိုတော့ တော်လှန် ရေးတပ်ဖွဲ့တွေထဲမှာ သွေးခွဲတာပဲ။ ကျမတို့ ပါတီ(ဗကပ)ကိုလည်း ဒီလိုပဲသွေးခွဲတာပဲ။ သွေးခွဲပြီးတော့ သူက အောင်အောင် လုပ်တာ။ အဲဒီတော့ ကျမကြည့်တယ် ဗိုလ်နဂါးကို အစောကြီးကတည်းကများ သူ တို့ ကပ်ပြီးတော့ ဟိုဒင်းရှိရှိ စည်းရုံးကြလားမသိဘူး။ ဥပမာအားဖြင့် တချို့ ဘိန်းချနေတဲ့ တပ်မှူးတွေရှိ တယ်၊ နေတာထိုင်တာ တော်လှန်ရေးသမား‌ဘဝနဲ့ မကိုက်ညီတဲ့ လူမျိုးတွေ ရှိတယ်။ အဲဒီလိုလူမျိုးတွေ ကို ကပ်ပြီးတော့ စည်းရုံးတာပဲ။ အဲဒီလူတွေကပဲ ခွဲထွက်ကြတာ။ divide and rule  ပေါ့ အင်္ဂလိပ်ကိုလိုနီ တွေ လုပ်ခဲ့တာ။ ဒါစစ်တပ်က ဆက်တိုက်လုပ်တာနော် မဆလခေတ် ကတည်းက။ အဲဒါသူတို့ တော် တော်ကို အောင်အောင်မြင်မြင် လုပ်နိုင်တယ်။ ကြည့်ရတာ ဒီဟာရဲ့ အဆက်ပဲနဲ့တူတယ်။ ကျမတို့ တော်လှန်ရေး သမားဘက်က NUG တို့ ဘာတို့ဘက်က လက်ဦးမှုရှိရှိ သူ့ကို စည်းရုံးတာ၊ ဖျောင်းဖျတာ၊ ကိုယ့်ဘက် ပါအောင်လုပ်တာ အဲဒီမှာလည်း အားနည်းတယ်ထင်တယ်။ တော်လှန်ရေးအဖွဲ့တွေကြား ပဋိပက္ခဖြစ်ရင် ကျမတို့က ဒါကို အေးအေးချမ်းချမ်း စေ့စပ်ဆွေးနွေး အဖြေရှာဖို့တော့ ကြိုးစားဖို့လိုတာ ပေါ့နော်။ ဒီကြားထဲမှာ အနှောင့်ပယောဂတွေကလည်း ရှိနိုင်တယ်လေ။ အဲဒါကို ခေါင်းဆောင် အဖွဲ့ အစည်းတွေက သေချာ ဟိုဒင်းပြုဖို့လိုတယ်။ ကျမတို့ တော်လှန်ရေး အဖွဲ့အစည်းတွေကြားမှာ တစ်စု တစ်စည်း တည်းရှိတဲ့ စုစည်းမှု မရှိဘူးဆိုတာ ပြတာပေါ့။ အဲဒီအတွက် ကျမတို့ ပိုကြိုးစားဖို့လိုတဲ့ သင်ခန်းစာတော့ ရလိုက်တာပေါ့လေ” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင်  ဗိုလ်နဂါး ဦးဆောင်သည့် BNRA စခန်း သုံးခုကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ လက်အောက်ခံတပ်များက ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်တွင် ဝင် ရောက် စီးနင်း တိုက်ခိုက်ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်၌ ဗိုလ်နဂါးနှင့် မိသားစု မြန်မာ့တပ်မတော်ထံ အလင်းဝင် သွားခြင်းဖြစ်သည်။

ဗိုလ်နဂါးသည် ထိုကိစ္စများ မတိုင်ခင် NUG နှင့်ပတ်သက်၍ အမျိုးမျိုးသော ဝေဖန်ထောက်ပြမှုများကို လုပ်ဆောင်ခဲ့သကဲ့သို့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်နေ့က ပုလဲမြို့နယ်ရှိ BNRA ၏ စစ်ဆေးရေးဂိတ် စခန်းနှစ်ခုကို NUG လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။

ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်တွင် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ဖွင့်ထားသည့် ဂိတ်တစ်ခုကို BNRA က ပြန်လည်စီးနင်းခဲ့သည်။ 

ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA ကို တွေ့ရစဉ်

ထိုသို့ ဂိတ်များ အပြန်အလှန် စီးနင်းမှုအပြီး  နှစ်ဖက်တပ်များအကြား ဆက်ဆံရေး တင်းမာမှုများ ရှိနေခဲ့ ကာ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် BNRA စခန်းသုံးခု ထပ်မံ တိုက်ခိုက်ခံ ခဲ့ရခြင်းဖြစ်သည်။

တော်လှန်ရေးတွင် ညီညွတ်ရေးကို တည်ဆောက်ရ ခက်ခဲပြီး အလင်းဝင်သွားသည့် ဗိုလ်နဂါးအား တပ်ဘက်မှ သဘောတူညီချက်ရပါက ပြည်သူ့စစ်သဘောမျိုး စုဖွဲ့လာနိုင်ကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကြည့်ရတာတော့ ဗိုလ်နဂါးက NCA လမ်းကြောင်းတို့၊ အပစ်အခတ်ရပ်စဲရေး လမ်းကြောင်းတို့ သဘောကျတဲ့အကြောင်း ကြားတယ်လေ။ ဒါကြောင့် သူက သူ့နယ်မြေနဲ့သူ၊ သူ့လက်နက်ကိုင်နဲ့သူ အပစ်အခတ်ရပ်စဲရေး သဘောတူချက် ရမယ်ဆိုရင် အဲဒါ‌လေးနဲ့ နေချင်တဲ့ သဘောတော့ရှိတယ်။ NUG တပ်တွေနဲ့ ထိပ်တိုက်တွေ့တယ်ဆိုတော့ ရပ်တည်ချက် နည်းနည်း ကွာတာလည်း ဖြစ်နိုင်ပါတယ်။ တော်လှန်ရေးမှာ ညီညွတ်ရေး တည်ဆောက်တာ ခက်တယ်။ ညီညွတ်ရေးဆိုတာက သဘာပေါ် မူတည် တယ်။ အတွေးအခေါ် ညီညွတ်မှရတာ၊ လုပ်နည်းလုပ်ဟန် ညီညွတ်မှရတာ။ အစကတည်းက အတွေး အခေါ် တစ်ဖက်တည်း မဟုတ်ဘူးဆိုရင် ညီညွတ်ရေး တည်ဆောက်ဖို့က ခက်တယ်။ ဒါကြောင့် နဂို ကတည်းက လက်နက်ကိုင်တွေကို စပြီး အကောင်အထည်ဖော်ကတည်းက အတွေးအခေါ် ညီညွတ် ရေးကို အရင်တည်ဆောက်ရမယ်ဆိုတာ သင်ခန်းစာ ယူလို့ရတာပေါ့။ အကယ်၍ လက်ရှိ အုပ်ချုပ်နေ တဲ့အဖွဲ့က သူ့နေရာကို ပြန်ပေးမယ်၊ ပြည်သူ့စစ် သဘောမျိုး၊ BGF သဘောမျိုး ဖွဲ့ပြီးတော့ ပြန်ထားရင် တော့ အရင် NCA ထိုးထားတဲ့ အဖွဲ့တွေလို ဖြစ်သွားနိုင်တာပေါ့ သဘောတူရင်ပေါ့လေ။ ဖြစ်နိုင်ခြေတွေ က အများကြီးပါ အဲဒါကြောင့် စောင့်ကြည့်ရမှာပေါ့”ဟု ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက် ဗိုလ်နဂါးသည် ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ကို ဦးဆောင်ဖွဲ့စည်းခဲ့ကာ ၂၀၂၂ ခုနှစ်တွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)  အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ်တွင် MRDA မှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ဖွဲ့စည်းခဲ့ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည်နေသည့် တော်လှန် ရေးအဖွဲ့ အနေဖြင့် ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း လှုပ်ရှားသည်။