CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၈

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အနေဖြင့် တပ်မတော်ထံ မိုးကုတ်၊ မိုးမိတ် ပြန်ပေးအပ် လိုက်ရခြင်းသည် ပလောင်ဒေသ လုံခြုံရေး အာမခံချက်အတွက် ဖြစ်နိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များ က ထောက်ပြကြသည်။ 

TNLA သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် တအာင်းတပ်ဖွဲ့ (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရခိုင်တပ်ဖွဲ့ (AA)၊ KNDF၊ BNRA၊ BPLA၊ MDY-PDF၊ DPLA၊ PLA စသည့် လက်နက်ကိုင် အင်အားစုများဖြင့် စုဖွဲ့ကာ ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဖော်ဆောင်ခဲ့သည်။

အဆိုပါ စစ်ဆင်ရေးအတွင်းမှာ TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းငေါ့၊ နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်၊ မိုင်းလုံ၊ ကွတ်ခိုင်နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်တို့ကို သိမ်းပိုက်ခဲ့သည်။ 

ထို့နောက် မြန်မာ့တပ်မတော်သည် လူအင်အားနှင့် လက်နက်အင်အားများ ပြန်လည်စုဖွဲ့ကာ ထိုးစစ်ဆင် တိုက် ခိုက်ခဲ့ခြင်းကြောင့် နောင်ချို၊ သီပေါ၊ ကျောက်မဲ မြို့များကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သလို လက်ရှိအချိန်တွင် မိုးကုတ်- မိုးမိတ်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ 

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးကို တွေ့ရစဉ်

TNLA အနေဖြင့် မိုးကုတ်၊ မိုးမိတ်ကို တပ်မတော်ထံ ပြန်လည်ပေးအပ်ရခြင်းသည် ပလောင်ဒေသ၏ လုံခြုံရေး တစ်စုံတစ်ရာ ရသွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရိုးရှင်းဆုံး မြင်တာကတော့ (National Inflect) ပေါ့၊ ပလောင်လူမျိုးတွေရဲ့ အမျိုးသားရေး အကျိုး စီးပွားအတွက် အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လိုအပ်လို့ ဆုံးဖြတ်လိုက်တယ်လို့ ။ ပလောင် ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်က မှန်တယ်လို့ ကျနော် ထောက်ခံပါတယ်။ အခုချိန်ထိကတော့ မိုးကုတ်၊ မိုးမိတ် ပြန်အပ်ခြင်းအားဖြင့် ပလောင်ဒေသပေါ့ မူလဒေသ လုံခြုံမှု တစ်စုံတစ်ရာ ရသွားတာပေါ့ဗျာ အဲဒီဟာပဲထင်တယ် အ‌ပေးအယူကတော့” ဟု ပြောသည်။ 

TNLA သည် မိုးကုတ်၊ မိုးမိတ်မြို့အား လက်လွှတ်ခဲ့ရခြင်းသည် ကျည်၊ ဘတ်ဂျက်နှင့် လူအင်အား နည်းပါးမှုများ ကြောင့် လက်လွှတ်ခဲ့ရခြင်းဖြစ်သည်ဟု TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်က ပြောကြားခဲ့သည်။

TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်ကို တွေ့ရစဉ်

TNLA ထိန်းချုပ်ထားသည့် နယ်မြေများကို တပ်မတော်မှ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခြင်းသည် ပြည်သူလူထု များစွာ ထိခိုက်နစ်နာရသည့်အတွက် တပ်မတော်နှင့် အပြန်အလှန် အ‌ပေးအယူ ရယူခြင်းဖြစ်သည်ဟု တရုတ်- မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “ဒါမှမလုပ်လို့ရှိရင် သူတို့က အဆက်မပြတ် နေ့တိုင်းပဲ ဗုံးတွေကြဲနေတော့ ပြည်သူလူထုလည်း ထိခိုက် တယ်ပေါ့၊ အဲ့ဒါတစ်ချက် နောက်တစ်ချက်က ကျန်တဲ့ဒေသတွေကို သူတို့ ဗုံးမကြဲဘူး၊ မတိုက်ဘူးလို့ ကတိပေး တယ်လို့ ပြောတယ်။ တအာင်းတွေရဲ့ ကျန်တဲ့‌ဒေသကို အဲ့ဒါတွေအတွက် အေးအေးဆေးဆေး တည်ဆောက်ခွင့် ရတဲ့ အတွက်လို့ပြောတော့ အဲဒီဟာတွေပဲ ဖြစ်နိုင်ပါတယ်။ အဲ့တော့ တစ်ခုက ဒီမိုးမိတ်တို့၊ မိုးကုတ်တို့ကို ဗုံး မကြဲ တော့ဘူးဆိုတဲ့ ကတိရတယ်ပေါ့။ အဲ့ဒါကြောင့်မို့လို့ နေ့တိုင်းကြဲနေရတော့ ပြည်သူလည်း ထိခိုက်တယ်ပေါ့၊ အဲ့ဒါကြောင့်မို့လို့ လက်ခံလိုက်တယ်လို့ အဲ့လိုကြားတာပဲလေ။ သူပြောသွားတာ အဲ့ဒါဖြစ်နိုင်ပါတယ်၊ အပြန် အလှန်ပေါ့ အ‌ပေးအယူတွေ လုပ်လိုက်တာပေါ့” ဟု ပြောသည်။ 

TNLA သည် မိုးကုတ်နှင့် မိုးမိတ်မြို့များကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်က မြန်မာ့တပ်မတော်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်နှင့်မန်တုံမြို့တို့ကို စုစည်း၍ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ပေးထားသည်။

သို့သော် TNLA သည် နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့ တို့ကို ထိန်းချုပ်ထားသည်။