CNI International News

ဆိုးလ်၊ ဖေဖော်ဝါရီ ၁၅

တောင်ကိုရီးယားနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲမှုရေးသည် အဓိက နိုင်ငံရေးပြဿနာတစ်ခု ဖြစ်လာခဲ့ပြီး နိုင်ငံ၏ အုပ်ချုပ်ပုံစနစ်၊ သမ္မတလုပ်ပိုင်ခွင့် အာဏာများနှင့်ပတ်သက်ပြီး အငြင်းအခုံများ ဖြစ်ပွားနေ ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

လက်ရှိတွင် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ရွဲ(Yoon Suk Yeol) သည် စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့မှု အတွက် အခြေခံဥပဒေဆိုင်ရာခုံရုံးက ယွန်းအား လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို စီရင်ချက်ချရန် ပြင်ဆင်လျက် ရှိသည်။

တောင်ကိုရီးယား၏ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၈၇ ခုနှစ်က နောက်ဆုံးအကြိမ် ပြင်ဆင်တည်းဖြတ် ခဲ့ခြင်းဖြစ်ပြီး သမ္မတတစ်ဦး၏ ရာထူးကို ၅ နှစ်သက်တမ်း တစ်ကြိမ်သာ သတ်မှတ်ထားကာ ဒုတိယအကြိမ် ရွေးကောက်ပွဲဝင်ခွင့်မရှိပေ။

ထိုစနစ်သည် သမ္မတတစ်ဦးအတွက် သက်တမ်းကုန်မည့် အချိန်တွင် နောက်ဆုံးလက်ကျန် သမ္မတသက်တမ်း အတွင်း အာဏာကို အစွမ်းကုန် အသုံးပြုစေသည့် အခြေအနေကို ဖြစ်ပေါ်စေနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြခဲ့သည်။

တောင်ကိုရီးယားလွှတ်တော်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကို တွေ့ရစဉ်

ထို့ပြင် နိုင်ငံကို သမ္မတက အုပ်ချုပ်သည့်စနစ်ထက် လွှတ်တော်က အုပ်ချုပ်သည့်စနစ်ကို ပြောင်းလဲရန်လည်း တောင်းဆိုမှုများ ထွက်ပေါ်နေသည်။

ထိုစနစ်အရ ဝန်ကြီးချုပ်နှင့် လွှတ်တော်က အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ပြီး ဥပမာပြရပါက ဝန်ကြီးချုပ်နှင့် လွှတ်တော်က အဓိကအုပ်ချုပ်သည့် အိန္ဒိယ၊ ဂျပန်နှင့် အစ္စရေးနိုင်ငံတို့ကဲ့သို့ ဖြစ်သည်။

အချို့ကမူ သမ္မတနှင့် ဝန်ကြီးချုပ်တို့က အာဏာကို ခွဲဝေအုပ်ချုပ်သည့် ပြင်သစ်နိုင်ငံကဲ့သို့ အုပ်ချုပ်ပုံစနစ်ကို ပြောင်းလဲကျင့်သုံးရန် တောင်းဆိုနေကြသည်။

လက်ရှိ တောင်ကိုရီးယား၏ အာဏာရ People Power Party ၏ ဆိုးလ်မြို့တော်ဝန်ဖြစ်သည့် အိုဆဲဟွန်း (Oh se hoon) ကမူ ယခုကဲ့သို့ နိုင်ငံရေး အကျပ်အတည်း ကြုံနေရချိန်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲ မှုများ ပြုလုပ်သင့်ကြောင်း ပြောကြားခဲ့သည်။

၂၀၂၇ ခုနှစ်တွင် သမ္မတရွေးကောက်ပွဲ ပြုလုပ်ရန် စီစဉ်ထားမှုနှင့်အတူ ဖွဲ့စည်းပုံအခြေခံဥပဒေကို မကြာမီအချိန် အတွင်း ပြုပြင်ရေးဆွဲသင့်ကြောင်း ထောက်ခံနေသူများလည်းရှိနေပြီး စီးပွားရေးနှင့် နိုင်ငံခြားရေးမူဝါကို ဦးစားပေး သင့်ကြောင်း ထောက်ခံနေသူများလည်းရှိသည်။

Source: Nikkei Asia