CNI International News
ဆိုးလ်၊ ဇန်နဝါရီ ၇
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken )က တောင်ကိုရီးယား၏ နိုင်ငံရေး အကျပ်အတည်းကို စီမံဖြေရှင်းမှုအပေါ် ယုံကြည်မှုရှိကြောင်း ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
တောင်ကိုရီးယားနိုင်ငံတွင် စုံစမ်းစစ်ဆေးသူများက သမ္မတယွန်းဆော့ရွဲအား ဖမ်းဆီးရန် ဖမ်းဝရမ်းကာလ သက်တမ်းတိုးရန် ကြိုးပမ်းနေချိန်တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည့် ယွန်း၏ အောင်မြင်ခြင်းမရှိသော စစ်အုပ်ချုပ်ရေးအမိန့်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးသူများက ဇန်နဝါရီ ၃ ရက်တွင် ယွန်းကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း သမ္မတလုံခြုံရေးအဖွဲ့ အစောင့်များ၏ တားဆီးပိတ်ပင်ခြင်းကို ခံခဲ့ရသည်။
တောင်ကိုရီးယားတွင် ရာထူး တည်မြဲနေဆဲဖြစ်သည့် သမ္မတကို ပထမဆုံးအကြိမ် ထုတ်ပြန်သော ထိုဖမ်းဝရမ်း သည် ဇန်နဝါရီ ၆ ရက် ညသန်းခေါင်၌ သက်တမ်းကုန်မည်ဖြစ်သည်။
ထို့ကြောင့် အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးရေးရုံး (CIO) က ဖမ်းဝရမ်းကို သက်တမ်းတိုးရန် တရားရုံးအား တောင်းဆိုထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်နဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကိုတွေ့ရစဉ်
ယွန်းသည် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့မှုအတွက် စွပ်စွဲပြစ်တင်ခံခဲ့ရပြီး ပုန်ကုန်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခံနေရသည်။
တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်ကမူ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ် (Cho Tae-yul) နှင့် တွေ့ဆုံခဲ့ပြီးနောက် ယွန်း၏ လုပ်ဆောင်ချက် အချို့အတွက် တောင်ကိုရီးယားကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ထိုဖြစ်စဉ်များသည် တောင်ကိုရီးယား၏ ဒီမိုကရေစီ အောင်မြင်မှုကို ထင်ဟပ်စေခဲ့ပြီး ဒီမိုကရေစီသည် အလွန်ခိုင်မာမှုရှိကြောင်း ဘလင်ကင်က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
"ကျနော်တို့ မြင်တွေ့ခဲ့ရတဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ၊ ဆက်ပြီး မြင်တွေ့ရမယ့် အရာတွေက အခြေခံဥပဒေ၊ တရားဥပဒေစိုးမိုးရေးနဲ့အညီ ငြိမ်းချမ်းစွာနဲ့ ယိမ်းယိုင်မှုမရှိတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်"ဟု ဘလင်ကင်က ပြောကြားခဲ့သည်။
ယွန်းသည် ဒီဇင်ဘာ ၁၄ ရက်တွင် လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရပြီး သမ္မတတာဝန်များမှ ဆိုင်းငံ့ ခံထားရကာ အခြေခံဥပဒေဆိုင်ရာခုံရုံးက ယွန်းအား ရာထူးမှ ဖယ်ရှားရန် သို့မဟုတ် ရာထူးနေရာ၌ ဆက်လက် ထားရှိရန် ဆုံးဖြတ်မည်ဖြစ်သည်။
Source: ရိုက်တာ