CNI News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇

အာရက္ခတပ်တော်(AA) အနေဖြင့် စစ်မျက်နှာ ထပ်ဖွင့်ခြင်းများ မပြုလုပ်နိုင်ရန် ARSA က အနှောင့်အယှက်ပေး သည့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာခြင်း ဖြစ်နိုင်သည်ဟု NCA ထိုးထားသည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

မောင်တောမြို့နယ်အတွင်း ARSA ၏ တိုက်ခိုက်မှုများ ရှိနေကြောင်း AA က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း မီးဒိုင်းကျေးရွာအနီးတွင် AA ၏ စခန်းအား ARSA မှ တိုက်ခိုက်ခဲ့ ကြောင်း ARSA က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့ ပတ်ဝန်းကျင်တွင် ARSA တပ်ဖွဲ့ဝင်များ အခိုင်အမာ စခန်းချထား သည့် နေရာ ၄ ခုအား သိမ်းဆည်းရမိခဲ့ကြောင်း AA က ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ARSA အဖွဲ့ကို တွေ့ရစဉ်

AA အား ARSA တပ်ဖွဲ့မှ တိုက်ခိုက်ခြင်းသည် AA အနေဖြင့် စစ်မျက်နှာ ထပ်ဖွင့်ခြင်း၊ ထပ်ချဲ့ခြင်းများ မလုပ်လာနိုင် အောင် ထိန်းညှိပေးနိုင်ရန် ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော် တွက်တာတော့ လက်ရှိ AA ရဲ့ စစ်ရေးအောင်ပွဲတွေက ပြည်မထဲကို မကွေးတို့၊ ဧရာဝတီတို့ထဲကို သိပ်မကျွံအောင်ပေါ့၊ နောက်ကြောင်းမလုံအောင် လုပ်တဲ့သဘောပဲလို့ ယူဆပါတယ်၊ နောက်ကြောင်းမလုံအောင် နောက်ကနေပြီးတော့ အနှောင့်ယှက် ဖော်ပေးတဲ့သဘောလို့ ယူဆပါတယ်၊ အဲသလို နောက်ကြောင်းမှာ ပဋိပက္ခ ထပ်ဖြစ်လာရင် AA ကရှေ့တိုးပြီးတော့ ထပ်ပြီးတော့ စစ်မျက်နှာ ထပ်ဖွင့်တာတို့၊ ထပ်ချဲ့တာတို့ ထိန်းညှိတာနဲ့ တူပါတယ်ဗျ၊ သူ့ဘာသူ ပြည်တွင်းမှာ ကျစ်ကျစ်လစ်လစ် ပြန်ထိန်းချုပ်နိုင်အောင် စစ်‌ရေးအရ ထပ်ပြီးတော့ အချိန် ပိုယူရမယ့်သဘောကို ညွှန်ပြတာပေါ့ဗျာ ကျနော်အဲလိုတွက်ပါတယ်၊ ကျ‌နော်ထင်တာတော့ ဒီကိစ္စက Locally (ဒေသတွင်း)ရှင်းလို့ မရဘူးထင်တယ်ဗျ၊ ဒါတွေက ကျနော်တို့ အိမ်နီးနားချင်းတွေနဲ့ အားလုံးပတ်သက်ရာ ပတ်သက်ကြောင်းတွေ ဖြစ်နေတော့ ကျ‌နော်တို့ ဒီအိန္ဒိယတို့၊ ဘင်္ဂလား‌ဒေ့ရှ်တို့ရဲ့ သဘောထားတွေ လိုလာမယ်၊ နောက်တစ်ခါ လက်ရှိနေပြည်တော်က အာဏာပိုင်ရဲ့ သဘောထား လိုလာမယ်၊ ဒါကြောင့် ဒါတွေကို အနည်းဆုံး တော့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်ဖို့ကတော့ ဒီရခိုင် AA ကနောက်ဆုံး ကြွေးကြော်လိုက်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေးလမ်းကြောင်းကို ဆွေးနွေးမယ်ဆိုတဲ့ အချက်ကတော့ ဒီပြဿနာတွေကို နည်းနည်းလေးတော့ ထိန်းထိန်းသိမ်းသိမ်း ဖြစ်သွားနိုင်တဲ့ သဘောလို့တော့ ယူဆပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း ၁၄ မြို့နယ်အား ထိန်းချုပ်ပြီး‌နောက် ပြည်တွင်းရေး အခြေအနေများအား နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်တွင်ဖြစ်နေသော အချို့အရာများသည် လူမျိုးရေး အသွင်သဏ္ဍာန် ဖြစ်သောကြောင့် သမိုင်းကြောင်း ဆိုင်ရာ ဖြေရှင်းရန်လိုကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းက လမ်းဆုံတစ်နေရာကိုတွေ့ရစဉ်

၎င်းက “တစ်ခုပြဿနာက ကျနော်တို့အခု ရခိုင်မှာဖြစ်နေတဲ့ ဒီရိုဟင်ဂျာ၊ ARSA စသည်ဖြင့်ပေါ့နော် ဒီဟာတွေ ပြောတဲ့ ဟာတွေက တချို့တချို့ဟာတွေက လူမျိုးရေး အသွင်သဏ္ဍာန်ဖြစ်တဲ့ထဲမှာ သမိုင်းကြောင်းဆိုင်ရာ ရှင်းလင်းဖို့ လိုပါလိမ့်မယ်၊ သမိုင်းကြောင်းဆိုင်ရာ မရှင်းလင်းဘဲနဲ့ ဒီကိစ္စကိုဆိုရင် ရှုပ်ထွေးသွားနိုင်တယ်၊ တစ်နည်းအားဖြင့် ပြောရင် ၂၀၁၀ နောက်ပိုင်းရောက်မှသာ ရိုဟင်ဂျာဆိုတဲ့ အိတ်ထုပ်ကြီးက အကြီးကြီး ဖြစ်လာပြီးတော့ ဟာ ဒီဟာ ငါ့ရဲ့ ပြဿနာပါလား၊ ငါ့အနားကပါလား ဆိုတဲ့ဟာမျိုး ကျနော်တို့က ကြီးကြီးကျယ်ကျယ်နဲ့ သိရတဲ့ဟာ၊ တချို့ တချို့ ပြဿနာတွေဟာ ကျနော်တို့ ဒေသမှာ အမှန်တကယ်ဖြစ်တာ မဟုတ်ဘဲနဲ့ ကမ္ဘာကြီးက ဖန်းတီးတာလည်း ဖြစ်နိုင်တယ်၊ အဲဒီလိုပြောလိုက်ရင် ဖန်တီးတာလို့ ဖြစ်တယ်ဆိုရင် ဇဝေဇဝါတွေ ဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲဆို တော့ ကျနော်တို့ ရခိုင်ပြည်ရဲ့ ဖြစ်တည်မှု Geopolitical အနေထား၊ တရုတ်ရဲ့ သမုဒ္ဒရာ ၂ စင်း ထွက်ပေါက် ဒါတွေ အကုန်လုံးကို ချင့်ချိန်ပြန်စဥ်းစားပြီးမှ ဒီကိစ္စတွေကို ဆွေးနွေးရမယ်လို့ ကျနော့်အနေနဲ့ ထင်ပါတယ်” ဟု ပြော သည်။

ရခိုင်ပြည်နယ်တွင် AA နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သလို ARSA၊ RSO၊ ARA စသည့် အဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်။

အဆိုပါ တိုက်ပွဲများကြောင့် ရခိုင်ပြည်သူလူထု အနေဖြင့် နစ်နာဆုံးရှုံးမှုများ၊ စိုးရိမ်မှုများ မြင့်တက်နေကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြသည်။

ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဥ် (UNDP)က ရခိုင်ပြည်နယ်တွင် လူဦးရေ ၂ သန်းခန့် အငတ်ဘေးကျရောက် နိုင်မည့်အန္တရာယ်ကို ရင်ဆိုင်ရနိုင်ကြောင်း၊ ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ပြည်နယ်တွင်း စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှု သည် လူဦးရေ လိုအပ်ချက်၏ ၂၀ ရာခိုင်နှုန်း အတွက်သာ ဖူလုံနိုင်မည်ဟု ခန့်မှန်းထားသည်။