CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၄

လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် တခြားနိုင်ငံတစ်နိုင်ငံမှ တရားစွဲပါက တစ်နိုင်ငံလုံးနှင့် အကျုံးဝင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၂၀၁၇ ခုနှစ်က ဘင်္ဂါလီများအပေါ် မြန်မာ့တပ်မတော်သည် လူမျိုးသုဉ်းသတ်ဖြတ်မှု (Genocide)နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု မြောက်နေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က မတ်လ ၂၁ ရက်တွင် ထုတ်ပြန် ပြောကြား၍ ကြေညာခဲ့သည်။

ထိုကျူးလွန်မှုမှာ တပ်မတော်သာ ဖြစ်သော်လည်း တရားစွဲဆိုခံရပါက နိုင်ငံသူ/နိုင်ငံသားများ၊ အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့၊ ရဲ အပါအဝင် အားလုံး အကျုံးဝင်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

၎င်းက “ဒီလိုရှိတယ်ဗျ၊ လူမျိုးသုဉ်းလုပ်တယ်လို့ ဒီဟာ ကျူးလွန်တာတော့ တပ်မ‌တော်ပေါ့ဗျာ၊ တပ်မတော်က တာဝန်ရှိတာ ကိုး ဒါပေမယ့် တိုင်းပြည်တစ်ပြည်က သတ်မှတ်တာနဲ့ပဲ အမှုကတော့ မဖြစ်ဘူးဗျ၊ အမှုဖြစ်တယ်ဆိုရင် တရားရုံးမှာ သွားတင်မှ အမှုဖြစ်တော့ ICC မှာ တင်တာကတော့ နိုင်ငံတော်ကို တင်တာပေါ့၊ ICJ မှာကြတော့ သူက ဘာနဲ့တင်ရလဲဆိုတော့ နိုင်ငံတော် ကို စွဲရတာပေါ့၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို အခြားကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်ခုကနေပြီးတော့ စွဲလို့ရတာကို၊ နိုင်ငံကို နိုင်ငံအချင်းချင်း စွဲတဲ့သဘောပေါ့၊ အဲဒါကတော့ ICJ မှာကတော့ အဲဒီလို ဒါပေမယ့် အခုအမေရိကန်က သတ်မှတ် တာကတော့ တပ်မတော်ပေါ့၊ အဲဒီတုန်းက တပ်မတော်ပေါ့၊ အခုကတော့ တပ်မတော်အစိုးရဆိုတော့ နိုင်ငံတော်နဲ့ တပ်မတော် နဲ့က အခုက တစ်ထပ်တည်းဖြစ်နေတာ၊ အရင်တုန်းကတော့ လက်တွေ့မြေပြင်မှာ ကျူးလွန်တာကတော့ တပ်မတော်ပေါ့၊ အဲတုန်းကတော့ ဦးသိန်းစိန်အစိုးရ ဖြစ်ချင်ဖြစ်မယ်၊ ဒေါ်စုအစိုးရ ဖြစ်ချင်ဖြစ်မယ်၊ အဲဒီလို ဒါပေမယ့် အစိုးရတွေ၊ တပ်မတော် တွေက ဒီတရားစွဲတဲ့ အခါကြရင်က မခွဲတော့ဘူး၊ နိုင်ငံတော်ကို စွဲလိုက်ရင် နိုင်ငံတော်နဲ့ နိုင်ငံသူ၊ နိုင်ငံသားများ၊ အစိုးရ၊ လက်နက်ကိုင်အဖွဲ့၊ ရဲ အပါအဝင် အားလုံး အကျုံးဝင်သွားတယ်ပေါ့၊ State လို့ ပြောလိုက်ရင် အားလုံးပါသွားတယ်၊ အဲဒီတစ်ခု ပါပဲ” ဟု ပြောသည်။

အန်တိုနီဘလင်ကင်နဲ့ဦးဝဏ္ဏမောင်လင်ကိုတွေ့ရစဉ်

လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်သည်ဟု သတ်မှတ်ခံရသည့် ပုဂ္ဂိုလ်ကို ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားပါက ကမ္ဘာ့တရား ရုံး တစ်ခုခုမှ စီရင်ချက်ချ၍ရကြောင်း ၎င်းက ပြောသည်။

အမေရိကန်အစိုးရ၏ လူမျိုးသုဉ်း သတ်ဖြတ်ကြောင်း ကြေညာချက်အပေါ် နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း မတ်လ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။အလားတူ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ကလည်း နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ကို ထောက်ခံကြောင်း မတ်လ ၂၃ ရက်က ထုတ်ပြန်ခဲ့သည်။

လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ကြောင်း အမေရိကန်အစိုးရ၏ သတ်မှတ် ကြေညာချက်မှာ အင်အားကြီးမားသည့် နိုင်ငံများ ၏ နိုင်ငံရေးကစားကွက်လည်း ဖြစ်နိုင်ကြောင်း၊ တစ်ဖက်စောင်းနင်း မဟုတ်ဘဲ မျှမျှတတလေ့လာဖို့ လိုအပ်ကြောင်း ရခိုင် အမျိုးသားပါတီ(ANP)မှ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဘင်္ဂါလီများကိုတွေ့ရစဉ်

ဦးထွန်းအောင်ကျော်က “အခု အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ခြင်းဟာ မြန်မာနိုင်ငံကို နာမည်တပ်ထားတာတော့ တွေ့တယ်၊ အဲဒီလိုကတော့ ကျ‌နော်တို့လည်း သတင်းတွေမှာ တွေ့ပါတယ်၊ တစ်နိုင်ငံလုံးကို တရားစွဲတယ်ပေါ့၊ ဘာညာ၊ အဲတော့ ဒီလုပ် ရပ်တွေက အင်အားကြီးမားတဲ့ နိုင်ငံတွေရဲ့ နိုင်ငံရေး ကစားကွက်တွေလည်း ပါတာပေါ့ခင်ဗျ၊ မိမိတို့ရဲ့နိုင်ငံရေး အမြတ်ထုတ် လိုမှုနဲ့ မိမိတို့ရဲ့ ဖန်တီးစေချင်တဲ့၊ ဝင်ရောက်စွက်ဖက်ချင်တဲ့ စိတ်နေ သဘောထားတွေလည်း ကျနော်တို့ တွေ့ရတယ်ခင်ဗျ၊ အဲတော့ မြန်မာနိုင်ငံမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေက‌တော့ မျှမျှတတလေ့လာဖို့ လိုတာပေါ့၊ တစ်ဖက်စောင်းနင်းကတော့ ကျနော်တို့ အဲဒီဖြစ်တဲ့ ကိစ္စတွေကတော့ ကိုယ့်ရခိုင်လူမျိုးတွေက အသိဆုံးပဲလေ၊ ရခိုင်ပြည်မှာ ဖြစ်တဲ့ကိစ္စကို အဓိက ရည် ညွန်းပြီးမှ ပြောတာကို၊ အဲဒီတော့ လက်ခုပ်ဆိုတာက‌‌တော့ နှစ်ဖက်စလုံးတီးမှ အသံမည်တာပါ၊ အဲဒါလေးတော့ အဓိက ထား ပြီးတော့ ပြောချင်ပါတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်မှာ သမိုင်းကြောင်းအရ အင်မတန် ရှုပ်ထွေးကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းရာတွင် ရခိုင်ပြည်ကို ကိုယ်စားပြုသည့်ပုဂ္ဂိုလ် ပါဝင်ရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က အာဆာ(ARSA)မှ ရဲကင်းစခန်း (၃၀)ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်က နယ်မြေ ရှင်းလင်းရေးလုပ်စဉ် ဘင်္ဂါလီအများစု အိုးအိမ်စွန့်ခွာ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။

ထို့နောက် တပ်မတော်မှ ဘင်္ဂါလီများအ‌ပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှု ကျူးလွန်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံကလည်း နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ လူမျိုးသုဉ်း သတ်ဖြတ်သည်ဟုဆိုကာ မြန်မာနိုင်ငံကို တရားစွဲထားခြင်းကြောင့် အမှုရင်ဆိုင်ဖြေရှင်းနေရသည်။