CNI News

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃

လူမှုဘဝ အလွန်နိမ့်ကျနေသော မြန်မာနိုင်ငံကို တိုးတက်အောင်အတွက် နိုင်ငံရေးသမားနှင့် စီးပွားရေးသမားတို့ ပူးပေါင်း၍ နိုင်ငံလုံးခြုံ စီးပွားရေးစနစ်ကြီး တစ်ခုကို ထူထောင်၍ လုပ်ဆောင်သင့်ကြောင်း စီးပွားရေးနှင့်နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက ထောက်ပြကြသည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးသမားနှင့် စီးပွားရေးသမား ကင်းသည့်နိုင်ငံ မရှိကြောင်း၊ အ‌ရေးကြီးသည်က ၎င်းတို့၏ စဥ်းစားချက်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးသမားနှင့် စီးပွားရေးသမား ပူးပေါင်း၍ တိုင်းပြည် တိုးတက်အောင် လုပ်ဆောင်သင့်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူ ဦး‌ဋ္ဌေးအောင်ကြည်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲ့တာက တစ်ခုရှိတယ် မှန်မှန်ကန်ကန် ပြောရမယ်ဆိုရင်တော့ နိုင်ငံရေးသမားနဲ့ စီးပွားရေးသမားနဲ့ ကင်းတဲ့နိုင်ငံ‌ တစ်နိုင်ငံမှမရှိဘူး။ အဲ့တော့ ဘာက အရေးကြီးလဲဆိုတော့ သူတို့ရဲ့ စဉ်းစားချက်က အရေးကြီးတာ။ ဥပမာ-ပြောရမယ် ဆိုရင်တော့ ကျနော်တို့မှာလည်း ဒီလိုပဲရှိခဲ့တာပဲလေ၊ ဟိုတလောကတွေ့တဲ့ ဥပမာ တစ်ခုပေးမယ် ပတ်ချုံဟီးက ခရိုနီမွေးတယ်၊ ဘာလို့ တိုင်းပြည်ပျက်သွားတာလဲ သဘောက မြန်မာပြည်မှာ ခရိုနီမွေး တယ်။ ဘာဖြစ်လို့ အဲ့ ခရိုနီအားလုံးသည် international level ကို မရောက်သလဲ၊ မောင်းပုံမောင်းနည်းက အရေး ကြီးတာပေါ့၊ တစ်ခုတော့ ရှိတာပေါ့။ စီးပွားရေးသမားသည် အမြတ်ကိုကြည့်တာ တိုင်းပြည် တိုးတက်ဖို့သည် နိုင်ငံ လုံးခြုံ စီးပွားရေး စနစ်ကြီးကို ကြည့်ရမှာ။ ဒီဥစ္စာ သူတို့အတွက် အများကြီးရပေမယ့်လို့ နိုင်ငံလုံးခြုံ စီးပွားရေး စနစ်ကြီးကို ထိခိုက်စေမယ်ဆိုရင် ဒါက မလုပ်သင့်ဘူးပေါ့။ တိုင်းပြည်ပျက်သွားတာ အကုန်လုံးသည် ဒါ ကျနော် အာမခံပြီး ပြောရဲတယ်။ တောင်ကိုရီးယား၊ ဂျပန်၊ စင်္ကာပူ အဓိက ဒီမိုကရေစီ အရွေ့ခေါ်တယ်၊ အဲ့တာကို သဘော ပေါက်ဖို့ လိုတယ်။ အဲ့တော့ ဒီမိုကရေစီယန္တရားသည် ဘယ်လောက် နိုင်ငံလုံးခြုံ စီးပွားရေးစနစ်ကို ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုစနစ်ကို ဘယ်လောက်ထိ နားလည်ပြီးတော့ ပိုင်ပိုင်နိုင်နိုင် သူတို့နိုင်ငံရေးသမားကို နားလည်အောင် ရှင်းပြနိုင်လဲဆို‌တာ အရေးကြီးတာပေါ့။ တကယ်တမ်းကြတော့ အတွေ့အကြုံ တကယ်ရှိခဲ့တာ မဟုတ်ဘူး။ ကျနော်တို့မှာ အားနည်းချက်ရှိတယ်။ နားထောင်တဲ့ အလေ့အကျင့်နည်းတယ်။ အများစုရဲ့ ပြဿနာပါ။ တိုင်းပြည်ရဲ့ မျက်နှာကို ရှေ့မူပြီး စဉ်းစားတဲ့ စဉ်းစားချက်ပါလို့ ခိုင်ခိုင်မာမာနဲ့ နိုင်ငံရေးသမားကို နားလည်အောင် ပြောပြပေးနိုင်ဖို့တော့ လိုတာပေါ့”ဟု ပြောသည်။

အခြေခံ လူတန်းစားများကိုတွေ့ရစဉ်

မြန်မာနိုင်ငံတွင် အစိုးရတစ်ရပ် တက်လာတိုင်း ခရိုနီအုပ်စုတစ်စုက ခေါင်းထောင်လာတတ်သလို အမေရိကန် Sanction ကြောင့် စီးပွားပျက်သွားသည့် ခရိုနီနှင့် ယိမ်းယိုင်သွားသော စစ်အာဏာရှင် တစ်ယောက်မျှ မရှိသော် လည်း ပြည်သူများကမူ Sanction ၏ဒဏ်ကို သွယ်ဝိုက်ပြီး ခံစားရသည်။

ထို့ပြင် တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် စီးပွားရေးတွင်လည်း တစ်ဆင့်ခံ အခြေအနေများနှင့် လုပ်ခဲ့ရ၍ နစ်နာပြီးရင်း နစ်နာနေသည့် အခြေအနေ ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးလုပ်ချင်လျှင် မိမိနိုင်ငံအား မည်မျှပင် ချစ်စေကာမှု အမှီမရှိလျှင် ဘာမှလုပ်မရဘူးဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မြန်မာပြည်မှာက နိုင်ငံရေးပါတီ လုပ်ချင်တယ်ဆိုရင် ဘယ်လောက်ပဲ နိုင်ငံကို ချစ်နေပါစေ။ အမှီမရှိရင် ဘာမှလုပ်လို့ မရဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ဖြစ်လာတယ်။ အဲ့တာကြတော့ ကျနော်တို့ နိုင်ငံရေးပါတီက တချို့ကြ နိုင်ငံ ရေးအရ လုပ်နေတာတွေရှိတယ်။ သူက ငွေလိုတဲ့ အခါကြတော့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ပေါင်းမယ် စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပေါင်းတဲ့အခါကြတော့ စီးပွားရေးလုပ်ငန်းရှင်က သူ့အပေါ်မှာ အကျိုးအမြတ်မရှိရင် ကူညီမှာ မဟုတ်ဘူး။ စီးပွားရေးလုပ်ငန်းရှင်က တစ်ဖက်ကနေ အကျိုးအမြတ်နဲ့ ကူညီမယ် ကူညီတဲ့အခါကြတော့ ဟိုနိုင်ငံရေးသမားကို ကြိုးချည်ပြီးသား ဖြစ်သွားပြီလေ။ ဒါဆိုနိုင်ငံပျက်ရုံကလွဲရင် ဘာမှမရှိဘူး”ဟု ပြောသည်။

လက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများကို တွေ့ရစဉ်

မြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်က ပြဋ္ဌာန်းခဲ့ပြီး ပြည် ထောင်စုအဆင့် ပါတီဖြစ်ပါက မြို့နယ် ၁၀၀ ကျော်မှာ ပါတီရုံးခန်းဖွင့်ရမည်ဖြစ်ပြီး ပါတီဝင် အင်အား ၅၀,၀၀၀ စုစည်းနိုင်ရမည်နှင့် ပါတီထူထောင်ခြင်း သိန်း ၁၀၀၀ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)သို့ ပေးသွင်းရ မည်ဟု သတ်မှတ်ခဲ့သည်။

ထို့နောက် နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သည့်အခါမှာလည်း ကိုယ်စားလှယ်လောင်း များအတွက် မဲဆွယ်စည်းရုံးရေး ကုန်ကျစရိတ်များ ရှိလာပြန်သည်။

အဆိုပါ အခြေအနေများကြောင့် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးသမားများသည် စီးပွားရေး လုပ်ငန်းရှင်များ၏ ထောက်ပံ့ပေးမှုများကို လိုအပ်လာကာ အကူအညီတောင်းခံမှုများ ပြုလုပ်ခဲ့ကြရသည့်အတွက် နိုင်ငံရေးပါတီများ အား စီးပွားရေးသမားများက ချုပ်ကိုင်လာခဲ့သည်။