CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၈

အမေရိကန်သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) နှင့် ယူကရိန်း သမ္မတ ဇာလန်းစကီး (Volodymyr Zelenskiy) တို့ စက်တင်ဘာ ၂၇ ရက်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦးသည် မန်ဟက်တန် (Manhattan) ရပ်ကွက်ရှိ ထရမ့်တာဝါ (Trump Tower) တွင် တွေ့ဆုံမည်ဖြစ်ပြီး ရုရှား-ယူကရိန်း စစ်ပွဲအကြောင်းကို ဆွေးနွေးကြမည်ဖြစ်သည်။

ထရမ့်နှင့် ဇာလန်းစကီးတို့သည် ဇူလိုင်လ အတွင်းကလည်း တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ပြီး ယခုအကြိမ် သည် ထရမ့်၏ သမ္မတသက်တမ်းဖြစ်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် လူချင်း တွေ့ဆုံမှုဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကမူ ထရမ့်က ဇာလန်းစကီးကို ဝေဖန်ခဲ့ပြီး ဟားရစ်အား ရွေးကောက်ပွဲတွင် အနိုင်ရစေလိုသူ ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ထို့အပြင် ယူကရိန်းသည် သေဆုံးနေသည့် နိုင်ငံဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတက်ရန် အမေရိကန်သို့ ရောက်ရှိနေသည့် ဇာလန်းစကီးသည် စက်တင်ဘာ ၂၆ ရက်ကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၊ ဒုတိယသမ္မတ ကာမယ်လာ ဟားရစ်(Kamala Harris) တို့နှင့် တွေ့ဆုံခဲ့သည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဝါရှင်တန်တွင် ဇာလန်းစကီးနှင့် ဘိုင်ဒန်တို့ တွေ့ဆုံချိန်၌ ဘိုင်ဒင်က ဒေါ်လာ ၈ ဘီလျံကျော် တန်ကြေးရှိသည့် ယူကရိန်းအတွက် စစ်ရေးအကူအညီအသစ်ကို ကြေညာခဲ့ပြီး ဟားရစ်ကလည်း ယူကရိန်းကို ထောက်ခံကြောင်း ထပ်လောင်း အတည်ပြုခဲ့သည်။

ထို့ပြင် နိုဝင်ဘာ ၅ ရက်တွင် ထရမ့်နှင့်ယှဉ်ပြိုင် ရွေးကောက်ခံမည့် ဟားရစ်က ထရမ့်သည် အရှေ့ဥရောပ မဟာမိတ်ဖြစ်သည့် ယူကရိန်းဘက်မှ ရပ်တည်ပေးခဲ့ခြင်းမရှိကြောင်း စွပ်စွဲခဲ့သည်။

ဇာလန်းစကီးသည် ယူကရိန်းမှ အမေရိကန်သို့ မထွက်ခွာမီအချိန်က ရုရှားကို အနိုင်ယူရန် ၎င်း၏ အောင်ပွဲ အစီအစဉ်အား ဘိုင်ဒန်၊ ဟားရစ်နှင့် ထရမ့်တို့အား တင်ပြရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း ဇာလန်းစကီးသည် ဟားရစ်၏ မဟာမိတ်ဖြစ်သည့် ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုရှ် ရှာပီရို (Josh Shapiro) နှင့်အတူ ပြည်နယ်အတွင်းရှိ လက်နက် ခဲယမ်း ထုတ်လုပ်သည့် စက်ရုံတစ်ရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။