CNI International News

ဝါရှင်တန်၊ စက်တင်ဘာ ၂၈

တရုတ်၏ နောက်ဆုံးပေါ် နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စင်းသည် ဆိပ်ကမ်းတွင် ဆိုက်ကပ်ပြီး တည်ဆောက်နေချိန်အတွင်းမှာပင် နစ်မြုပ်သွားခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့ သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

တရုတ်၏ ပထမဆုံး Zhou အမျိုးအစား ရေငုပ်သင်္ဘော နစ်မြုပ်မှုသည် ကမ္ဘာ့အကြီးဆုံး ရေတပ်ကို တည်ဆောက် နေသည့် တရုတ်၏ ရည်မှန်းချက်အတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။

ထိုရေငုပ်သင်္ဘောသည် မေလနှင့် ဇွန်လအကြား နစ်မြုပ်ခဲ့ခြင်းဖြစ်နိုင်ပြီး ဂြိုဟ်တုဓာတ်ပုံများထဲတွင်  မြစ်အောက် ကြမ်းခင်မှ ရေငုပ်သင်္ဘောကို ဆယ်ယူရန် ကရိန်းများဖြင့် ဆွဲတင်နေသည်ကို မြင်တွေ့ရသည်ဟု အမည်မဖော်လို သည့် အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူကမူ ထိုအကြောင်းအရာနှင့်ပတ်သက်၍ မသိကြောင်း စက်တင်ဘာ ၂၇ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များ ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ထိုရေငုပ်သင်္ဘော နစ်မြုပ်သည့် သတင်းကို The Wall Street Journal က အရင်ဆုံး ဖော်ပြခဲ့ခြင်းဖြစ်သည်။

နစ်မြုပ်သွားတဲ့ ရေငုပ်သင်္ဘောကို ဆယ်နေကြစဉ်

အမေရိကန်ရေတပ်၏ ရေငုပ်သင်္ဘော တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး New American Security စင်တာမှ ကျွမ်းကျင်သူတစ်ဦးဖြစ်သူ သောမတ် ရှူဂတ် (Thomas Shugart) က ဇူလိုင်လအတွင်း တရုတ်၏ ရေငုပ်သင်္ဘော နစ်မြုပ်သည့်ဖြစ်စဉ်ကို ပထမဆုံး သိရှိခဲ့သည်။

သို့သော်လည်း ထိုအချိန်က နစ်မြုပ်ခဲ့သည့် သင်္ဘောသည် Zhou အမျိုးအစား ရေငုပ်သင်္ဘောဖြစ်သည်ဆိုခြင်းကိုမူ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

Planet Labs PBC ကုမ္ပဏီမှ ထုတ်ပြန်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများတွင်မူ ထိုရေငုပ်သင်္ဘောသည် မနစ်မြုပ်ခင် အချိန်က ယန်ဇီမြစ် (Yangtze River) ရှိ ရှူအန်လျူ (Shuangliu) သင်္ဘောကျင်းတွင် ဆိုက်ကပ်ထားသည့်ပုံများကို မြင်တွေ့ရသည်။

ဇွန် ၁၅ ရက်က ရိုက်ကူးခဲ့သည့် ဓာတ်ပုံတစ်ပုံတွင်မူ ရေငုပ်သင်္ဘောသည် မြစ်၏ ရေမျက်နှာပြင်အောက်တွင် တစ်ဝက်ခန့် နစ်မြုပ်နေသည်ကို တွေ့ရပြီး သင်္ဘော၏ ဘေးပတ်ပတ်လည်တွင် ကရိန်းများကို မြင်တွေ့ရသည်။

တရုတ်သည် နိုင်ငံတကာ ကုန်သွယ်ရေးတွင် အဓိကကျသည့် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံး နီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ထိပ်တိုက်တွေ့နေချိန်တွင် ရေတပ်အင်အားကို သိသိသာသာ တိုးမြှင့်လျက်ရှိသည်။

Source: အေပီ