CNI International News

စတော့ဟုမ်၊ ဇွန်လ ၁၃

ပထဝီနိုင်ငံရေးဆိုင်ရာ တင်းမာမှုများ မြင့်တက်နေချိန်တွင် နိုင်ငံတချို့ အထူးသဖြင့် တရုတ်၏ နျူကလီးယား လက်နက်အင်အားသည် မြင့်တက်လာကာ တိုးချဲ့မှုများ လုပ်နေကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့နောက် တခြားသော နျူကလီးယားပိုင်ရှင် နိုင်ငံများသည်လည်း ၎င်းတို့၏ လက်နက်များကို အဆက်မြှင့် တင်မှုများ ဆက်လက် ဆောင်ရွက်နေသည်ဟု လေ့လာသူများက ပြောခဲ့သည်။

ကမ္ဘာတစ်ဝန်းလုံးရှိ နျူကလီးယား လက်နက်ပမာဏ လျော့ကျခြင်းဆိုင်ရာ ကာလရှည် အနေအထား တစ်ခု အဆုံး သတ်ခြင်း အခြေအနေသို့ ရောက်ရှိနေပြီ သို့မဟုတ် ရောက်ရှိခဲ့ပြီဟု စတော့ဟုမ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လေ့လာမှုအဖွဲ့ (SIPRI)၏ ဒါရိုက်တာ ဒန်စမစ် ( Dan Smith) က ပြောသည်။ 

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ အိန္ဒိယ၊ အစ္စရေး၊ မြောက်ကိုရီးယား၊ ပါကစ္စတန်၊ ရုရှားနှင့် အမေရိကန်တို့ကဲ့သို့ နျူကလီးယားပိုင်ရှင် ၉ နိုင်ငံ၏ နျူကလီးယားထိပ်ဖူး စုစုပေါင်း အရေအတွက်သည် ၂၀၂၃ ခုနှစ်တွင် ၁၂၅၁၂ သို့ ရောက်လာကြောင်း၊ ၂၀၂၂ ခုနှစ် ၁၂၇၁၀ မှ ကျဆင်းလာခြင်းဖြစ်ကြောင်း SIPRI က ပြောသည်။ 

စတော့ဟုမ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး လေ့လာမှုအဖွဲ့ (SIPRI)၏ ဒါရိုက်တာ ဒန်စမစ်ကို တွေ့ရစဉ်

ထိုအထဲမှ နျူကလီးယားထိပ်ဖူး ၉၅၇၆ သည် စစ်ရေးအရ အသုံးပြုနိုင်ဖွယ် သီးသန့် ဖယ်ထားသည့် အရာများဖြစ် ကြောင်း၊ ယခင်နှစ်ကထက် ၈၆ ခု မြင့်တက်လာခြင်း ဖြစ်သည်။ 

SIPRI က နိုင်ငံများ၏ အသုံးပြု၍ရသော ထိပ်ဖူး အရေအတွက်နှင့် ဖျက်ဆီးရမည့် ထိပ်ဖူးအဟောင်းများ အပါအဝင် လက်နက်တိုက်အတွင်းမှ စုစုပေါင်း အရေအတွက်ကို ခွဲခြားသတ်မှတ်ခဲ့ခြင်းလည်း ဖြစ်သည်။
 
သီးသန့် သိုလှောင်ထားသည့် နျူကလီးယားထိပ်ဖူး အရေအတွက်မှာ တည်ငြိမ်မှု မရှိကြောင်း၊ ထိုအရေအတွက် သည် ကျဆင်းလာလျက်ရှိကြောင်း စမစ်က ပြောသည်။

ထို့နောက် ယင်းသည် ၁၉၈၀ ပြည့်နှစ်များ၏ ထိပ်ဖူးအရေအတွက်နှင့် ယှဉ်လျှင် များစွာ နည်းပါးနေသေးသည်ဟု လည်း ဆိုသည်။ 

တိုးမြင့်လာမှု အများဆုံးမှာ တရုတ်နိုင်ငံမှဖြစ်ပြီး ထိပ်ဖူး အရေအတွက်မှာ ၃၅၀ မှ ၄၁၀ အထိ မြင့်တက်လာသည်။ 

အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားတို့သည်လည်း သီးသန့် ဖယ်ထားသည့် ထိပ်ဖူး အရေအတွက်ကို မြှင့်တင် ခဲ့ကာ ရုရှားတွင် မြင့်တက်မှု အနည်းငယ်ရှိကြောင်း၊ ကျန် နျူကလီးယား ပိုင်ရှင်နိုင်ငံများ၏ ပိုင်ဆိုင်မှု အရေ အတွက်မှာ ပြောင်းလဲမှု မရှိကြောင်းလည်း SIPRI က ပြောသည်။ 

ရုရှားနှင့် အမေရိကန်တို့သည် တစ်ကမ္ဘာလုံးရှိ နျူကလီးယား လက်နက် အရေအတွက်၏ ၉၀ ရာခိုင်နှုန်း နီးပါးကို ပိုင်ဆိုင်ထားသည်။ 

နျူကလီးယား ထိပ်ဖူး အရေအတွက် ကျဆင်းလာသည်ကို နှစ် ၃၀ ကျော်ကြာ မြင်တွေ့ခဲ့ရသော်လည်း ထို အခြေအနေသည် အဆုံးသတ်ဆီသို့ ရောက်ရှိလာခဲ့ပြီဟု စမစ်က ပြောသည်။ 

ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်ကြောင့် နျူကလီးယား လက်နက် ထိန်းချုပ်ရေးနှင့် ဖျက်သိမ်းရေးဆိုင်ရာ သံတမန်ရေး လုပ်ငန်းစဉ်များလည်း ကျဆုံးခဲ့ရသည်ဟု စမစ်က ပြောသည်။

နျူကလီးယားလက်နက်ကိုင်များ အခြေအနေကို နှိုင်းယှဉ်ပြထားစဉ်

ကျူးကျော်မှု ပေါ်ပေါက်ပြီးချိန်တွင် အမေရိကန်သည် ရုရှားနှင့် အပြန်အလှန် မဟာဗျူဟာမြောက် တည်ငြိမ်ရေး ဆိုင်ရာ ဆွေးနွေးမှုကို ရပ်တန့်လိုက်ခြင်းက သိသာထင်ရှားဆုံး ဖြစ်သည်။ 

ဖေဖော်ဝါရီလတွင် ရုရှားဘက်ကလည်း ၎င်းတို့အနေဖြင့် New START ဟုခေါ်သော နျူကလီးယား လက်နက် ထိန်းချုပ်၊ လျှော့ကျရေး ၂၀၁၀ သဘောတူညီချက်တွင် ပါဝင်နေမှုကို ရပ်ဆိုင်းသည်ဟု ကြေညာခဲ့သည်။

သဘောတူညီချက်သည် အမေရိကန်နှင့်ရုရှားတို့၏ နျူကလီးယား လက်နက်အင်အားကို ထိန်းချုပ်ပေးနိုင်သည့် နောက်ဆုံး သဘောတူညီချက်ဖြစ်သည်ဟု SIPRI ကပြောသည်။

သို့သော် တစ်ဖက်တွင်လည်း နျူကလီးယား လက်နက်အင်အား မြင့်တက်လာခြင်းသည် ယူကရိန်းစစ်ပွဲကြောင့်ဟု ပုံချ၍ မရကြောင်း၊ ထိပ်ဖူးသစ်များ ပြုလုပ်ရန် အချိန်ယူရကြောင်း၊ အင်အား မြင့်တက်လာသည့် နိုင်ငံများတွင် ပဋိပက္ခနှင့် တိုက်ရိုက် ပတ်သတ်ခြင်း မရှိသည့်နိုင်ငံများပါ ပါဝင်နေကြောင်း စမစ်က ပြောသည်။ 

တရုတ်သည် စီးပွားရေးနှင့် လွှမ်းမိုးမှု အင်အား မြင့်တက်လာသည်နှင့်အမျှ စစ်တပ်၏ ကဏ္ဍတိုင်းတွင် အကြီးစား ရင်းနှီးမြှုပ်နှံမှုများစွာ လုပ်ဆောင်ထားသည်ကိုလည်း တွေ့ရသည်။ 

Source: ဘန်ကောက်ပို့စ်