CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁၄

တရုတ်၏ နျူကလီးယားလက်နက် အင်အားချဲ့ထွင်မှုသည် အမေရိကန်၏ နျူကလီးယားမဟာဗျူဟာကို ပြန်လည်သုံးသပ်ရမည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

ယခုလအတွင်း ဝါရှင်တန် (Washington) အခြေစိုက် နယူးအမေရိကန် လုံခြုံရေးစင်တာ (CNAS) က ထုတ်ပြန် ချက်တွင် တရုတ်၏ လျင်မြန်သည့် နျူကလီးယား အဆင့်မြှင့်တင်မွမ်းမံမှုကြောင့် အင်ဒို-ပစိဖိတ်ဒေသ၌  နျူကလီးယား အရှိန်အဟုန်သည် ပြောင်းလဲလာကြောင်းနှင့် မဟာဗျူဟာမြောက် မဟုတ်သည့် နျူကလီးယား လက်နက်များ အသုံးပြုမည့် အလားအလာကို မြင့်တက်လာစေခဲ့သည်ဟု ဖော်ပြခဲ့သည်။

နျူကလီးယား ထိပ်တိုက်တွေ့သည့် အခြေအနေ စတင်မြင့်တက်လာသည်နှင့် တစ်ပြိုင်တည်း နည်းဗျူဟာမြောက် နျူကလီးယား လက်နက်များ အပြန်အလှန် အသုံးပြုဖွယ်ရှိကာ မလိုလားအပ်ဘဲ နျူကလီးယားစစ်ပွဲကို ဖြစ်ပွားစေ နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန် နျူကလီးယား လက်နက်ကို တွေ့ရစဉ်

အမေရိကန်တွင် နောက်ဆုံးပေါ် နျူကလီးယားလက်နက် အသစ်များနှင့်ပတ်သက်သည့် အယူဝါဒများ၊ စွမ်းဆောင် ရည်များနှင့် အတွေးအမြင်များ အပါအဝင် လက်တွေ့ကျသော နျူကလီးယား အခင်းအကျင်းကို စီမံခန့်ခွဲရန် လုံလောက်သည့် အရင်းအမြစ်များအား ပြင်ဆင်ထားခြင်း မရှိသေးကြောင်း CNAS က ပြောကြားခဲ့သည်။

ထိုလေ့လာချက်တွင် ဂျပန်နှင့် ဩစတြေးလျကဲ့သို့ ဒေသတွင်း အမေရိကန်၏ မဟာမိတ်များကို ကာကွယ်ရန် အရေးတကြီး လိုအပ်ကြောင်းနှင့် တရုတ်သည် အမေရိကန်၏ ကာကွယ်မှုကို လျော့ကျစေရန်အတွက် ထိုမဟာမိတ်နိုင်ငံများကို ပစ်မှတ်ထားဖွယ်ရှိကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်အနေဖြင့် ၎င်း၏ နျူကလီးယားအင်အားကို အဖက်ဖက်က မြှင့်တင်ရန်၊ တရုတ်နှင့် ဆွေးနွေးမှုများကို တိုးမြှင့်ရန်၊ သမားရိုးကျ လက်နက်များနှင့် နျူကလီးယား မဟာဗျူဟာများကို ပေါင်းစပ်အသုံးပြုရေးကို ပိုမို ကောင်းမွန်စေရန်အတွက် စစ်ဆင်ရေးဆိုင်ရာ အယူအဆ အသစ်များနှင့် စွမ်းဆောင်ရည် အသစ်များကို ချမှတ် ဖော်ဆောင်ရန် CNAS က တိုက်တွန်းခဲ့သည်။

နျူကလီးယား လက်နက် ဆန့်ကျင်နေသူကိုတွေ့ရစဉ်

ထို့ပြင် အင်ဒို-ပစိဖိတ် စစ်နယ်ဝန်းတွင် တရုတ်၏ နျူကလီးယား အင်အားချဲ့ထွင်မှုကြောင့် ပေါ်ပေါက်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် မဟာဗျူဟာမြောက် အတွေးအခေါ်နှင့် စွမ်းဆောင်ရည်များကို လိုက်လျော ညီထွေရှိစေရန် လုပ်ဆောင်ဖို့ လိုအပ်သည်ဟုလည်း CNAS ၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

အမေရိကန်သည် နျူကလီးယားလက်နက် ထိပ်ဖူးအရေအတွက် ၅၀၄၄ ခုရှိပြီး ရုရှားပြီးပါက ကမ္ဘာ့ ဒုတိယမြောက် နျူကလီးယားလက်နက် ထိပ်ဖူးအများဆုံးရှိသည့် နိုင်ငံအဖြစ် ရပ်တည်လျက်ရှိသည်။

သို့သော် ၂၀၂၄ ခုနှစ်၊ မေလက Bulletin of Atomic Scientists အဖွဲ့က ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ်တွင်မူ အမေရိကန်တွင် လက်ရှိ နျူကလီးယားလက်နက် ထိပ်ဖူးအရေအတွက် ၃၇၀၈ ခုရှိပြီး ထိုလက်နက်ထိပ်ဖူးများထဲမှ ၁၇၇၀ ကို ဖြန့်ကြက်ချထားကာ ၁၉၃၈ ခုကို အရန်အဖြစ် သိမ်းဆည်းထားကြောင်း ဖော်ပြခဲ့သည်။

နောက်ထပ် နျူကလီးယား လက်နက်ထိပ်ဖူး ၁၃၃၆ ခုကို အနားပေးလိုက်ပြီဖြစ်ပြီး နျူကလီးယားလက်နက်များ အဆင့်မြှင့်တင် မွမ်းမံရေးကို လုပ်ဆောင်နေချိန်တွင် အနားပေးခဲ့သည့် နျူကလီးယား လက်နက်ထိပ်ဖူးများကို ဖျက်ဆီးရန် စီစဉ်နေကြောင်း ထိုဆောင်းပါးထဲ၌ ဖော်ပြခဲ့သည်။

Source: Asia Times