CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀
ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် မြန်မာ့တပ်မတော်တို့ကြား တွေ့ဆုံဆွေးနွေးပွဲ ရလဒ်မထွက်ဘဲ ပြီးဆုံးသွားခြင်းက ဘာကြောင့်ဖြစ်နိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်လျက်ရှိနေသည်။
TNLA မှ ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်သည့်အဖွဲ့နှင့် မြန်မာ့တပ်မတော်မှ အမှတ်(၁) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး ဦးဆောင်သည့်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆၊ ၁၇ ရက်များတွင် ဆွေးနွေးခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသည် နှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု ခက်ခဲသည့် အခြေအနေရှိသောကြောင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်ပြီးပါက နောက်ထပ်တစ်ကြိမ် ပြန်လည်တွေ့ဆုံမည် ဖြစ်ကြောင်း TNLA က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။
နှစ်ဖက်စလုံးမှ လိုချင်သော အချက်အလက်များသည် ဝေးကွာနေသောကြောင့် ဆွေးနွေးမှုသည် အောင်မြင်မှု မရနိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
TNLA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “နှစ်ဖက်စလုံးက သူတို့လိုချင်တဲ့ အချက်အလက်တွေက သိပ်ကွာဝေးနေတယ်လေ၊ အဲတာကြောင့်မို့လို့ မဖြစ်နိုင်ဘူး၊ အောင်မြင်မှုမရနိုင်ဘူး သိပ်ပြီးတော့ ဝေးကွာနေတယ်၊ သူတို့ နှစ်ဖက်စလုံးရဲ့ ဆွေးနွေးမှုကလေ၊ တစ်ဖက်နဲ့တစ်ဖက် စစ်ကောင်စီကလည်း မလျှော့နိုင်ဘူး ဖြစ်နေတာကိုး၊ အဲတော့ TNLA ကလည်း သူတောင်း ဆိုထားတဲ့ အချက်တွေကို မရရင်လည်း လျှော့မှာမဟုတ်ဘူး၊ အစတည်းက TNLA ကလည်း သူရရှိတဲ့ ဒေသကို ဟိုနင်းပြုဖို့(မဆုတ်နိုင်ဘူး)၊ စစ်ကောင်စီဘက်ကတော့ သူက အချိန်ဆွဲဖို့ပဲ ဖြစ်တာကိုး၊ တော်ရုံနဲ့တော့ အောင်မြင် မှုရဖို့ မလွယ်ဘူးထင်တယ်၊ ကျမကြည့်တာလေ။ MNDAA တုန်းကတော့ သူက သူ့ရဲ့နယ်မြေတွေ အားလုံးက တရုတ်နဲ့ ကပ်နေတာဖြစ်တော့ တရုတ်က တစ်စုံတစ်ရာ သြဇာရှိတာပေါ့ဗျာ၊ လိုက်လျောလိုက်ဆို MNDAA က တစ်စုံတစ်ရာ လိုက်လျောနိုင်တယ်၊ TNLA ကျတော့ သူကတရုတ်နဲ့ တော်တော်ဝေးတယ် တချို့ဒေသတွေက ဒါကြောင့်မို့လို့ သူကလည်း သူ့အခြေခံပေါ်ကနေ ပြောမှာပဲ၊ သိမ်မလွယ်ဘူးထင်တယ် ကြည့်ရတာ” ဟု ပြော သည်။
TNLA က (၁) နှစ်ဖက်တပ်များ ရောက်ရှိသည့် နေရာတွင် ရပ်တန့်ထားပြီး အပစ်အခတ်ရပ်စဲရန်၊ (၂) ထိုးစစ်များ ပြုလုပ်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေယာဥ်ဗုံးကြဲချခြင်း အစရှိသည့် စစ်ရေး လှုပ်ရှားမှုများ ရပ်တန့်ရန်၊ (၃) နှစ်ဖက်ထိန်းချုပ် နယ်မြေဒေသများတွင် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ဆေးဝါးများ သယ်ဆောင်ခွင့်ပြုရန်အတွက် ဖြတ်သန်းသွားလာခွင့်ပြုရန် စသည့် အချက် (၃)ချက်ကို တောင်းဆိုခဲ့ သည်။
သို့သော် မြန်မာ့တပ်မတော်ဘက်က လိုက်လျောပေးနိုင်ခြင်းမရှိ၍ သဘောတူညီချက် မရဘဲ ဆွေးနွေးပွဲကို အဆုံး သတ်ခဲ့ကြသည်။
ဆွေးနွေးမှု အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းသည် တရုတ်နိုင်ငံ၏ သြဇာမည်မျှသုံးမည် ဆိုသည့်အပေါ်တွင် မူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။
TNLA က အုပ်ချုပ်ရေးလုပ်နေပြီး ဖမ်းဆီးမှုလုပ်နေစဉ်
၎င်းက “ဒါ ၂ ဖက်အကျိုးအတွက် လုပ်နေတာပဲလေနော်၊ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်သူပေါ့၊ TNLA ကလည်းပဲ သူ့လွတ်မြောက်နယ်မြေတွေမှာ အေးအေးချမ်းချမ်း အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်ချင်တယ်ပေါ့နော်၊ အဲဒါကြောင့်မို့ လို့ စစ်ကောင်စီရဲ့ ထိုးစစ်တွေကို ရပ်စေချင်တယ်ပေါ့၊ ဒါသူ့လိုလားချက်ပေါ့လေ၊ အစိုးရဖက်ကျတော့လည်းပဲ ရွေးကောက်ပွဲ လုပ်ရမယ်လေ။ ရွေးကောက်ပွဲလုပ်တဲ့ အခါကျတော့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောပြီ လေ၊ သူက အာဆီယံဥက္ကဋ္ဌရဲ့ အကြံပေးပေါ့၊ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းပြီးတော့ အဖြေရအောင် မလုပ်နိုင်ဘဲနဲ့ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုဖို့ ခက်ခဲလိမ့်မယ်လို့ ပြောတယ်၊ အဲတော့ အဲဒီပေါ် မှာ မူတည်ပြီးတော့ တိုင်းရင်းသားတွေနဲ့လည်း စစ်ကောင်စီက ပြေလည်ချင်တာပေါ့၊ အဲဒီ ၂ ခုနဲ့ လုပ်ြတာပေါ့၊ အဲတော့ ဒုတိယအကြိမ်မှာလည်း ၂ ဖက်စလုံးက ဒါကိုပဲ ကြိုးစားလိမ့်မယ်၊ အဲဒီပေါ်မှာ ရလဒ် ဘယ်လိုထွက်မလဲ၊ မထွက်မလဲ ဆိုတာကတော့ ပြည်တွင်းက အဖွဲ့ ၂ ဖွဲ့အပေါ်မှာတော့ မူမတည်တော့ဘူး၊ သူတို့ ၂ ယောက်ကတော့ မလျှော့တော့ဘူး၊ အဲတော့ တရုတ်နိုင်ငံရဲ့ သြဇာဘယ်လောက်သုံးသလဲ ဆိုတဲ့အပေါ်မှာပဲ ဒုတိယအကြိမ် အောင်၊ မအောင် ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်” ဟု ပြောသည်။
လက်ရှိတွင် TNLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ့်ဆန်၊ မန်တုံ၊ ကွတ်ခိုင်၊ သီပေါ၊ မိုင်းငေါ့၊ နမ္မတူ၊ နမ့်ခမ်း၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းက မိုးကုတ်၊ မိုးမိတ်၊ မဘိမ်း စသည့် မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ထားသည်။