CNI News
၂၀၂၅ ခုနှစ်၊ မတ်လ ၁၀
နစကနှင့် တွေ့ဆုံဆွေးနွေးပွဲ မပြုလုပ်ခင် အာရက္ခတပ်တော်(AA)သည် စစ်တွေမြို့အား တိုက်ပွဲဖော်နိုင်သလား ဆိုသည့်အပေါ် ပြည်သူလူထုကြား မေးခွန်းများ ထုတ်နေကြသည်။
တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် AA နှင့် နစကကြား တရုတ်နိုင်ငံမှာ မတ်လတွင် တွေ့ဆုံဆွေးနွေးသွားရန် ရှိကြောင်း နီးစပ်သူများထံမှ သိရသည်။
စစ်တွေသည် အချက်အချာ မကျကြောင်း၊ ဆွေးနွေးရေး စားပွဲဝိုင်းပေါ် ရောက်ရန် ပြင်ဆင်နေသည့် အချိန်တွင် စစ်တွေမြို့အား စစ်ရေးမြှင့်တင်သည့် သဘောသာဖြစ်ကြောင်း NCA ထိုးထားသော ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO- NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
AA တပ်ဖွဲ့ကို တွေ့ရစဉ်
၎င်းက “စစ်တွေက အချက်အချာမကျဘူး၊ ဘာကြောင့်လဲဆိုတော့ စစ်တွေက ဒီခြိမ်းခြောက်ထားတဲ့ သဘောပဲ ရှိပါတယ်၊ ကိုယ့်ရဲ့ ပြည်နယ်အကျိုး အမျိုးသား အခွင့်အရေးကို လိုချင်တယ်ဆိုရင် ခြိမ်းခြောက်ထားပြီးတော့ နိုင်ငံရေး အခွင့်အရေးကို ဆွေးနွေးရေး နည်းလမ်းနဲ့ပဲ ဆက်သွားရမှာဖြစ်တယ်၊ ဒါကြောင့် ဆွေးနွေးရေး စားပွဲပေါ် ရောက်ခါနီးပေါ့၊ ရောက်ဖို့ ပြင်ဆင်တဲ့အချိန်မှာ စစ်ရေးအားကို မြှင့်တင်တဲ့ သဘောပါပဲ၊ ဘယ်မြို့ရမှ ဘယ်မြို့ရမှ ဆိုတာတော့ မဟုတ်ပါဘူး ကျနော်ထင်တာပေါ့လေ၊ ဒါကြောင့် ဘယ်မြို့မှမရလည်းပဲ ပြည်သူလူထုနဲ့ အခြေခံ နယ်မြေတွေကို ထိန်းထားနိုင်မယ် ဆိုရင်တော့ ဒါကတော့ အင်အားတစ်ခုပါပဲဗျ၊ မြို့ပြကို ခြိမ်းခြောက်တယ် ဆိုတာကတော့ မြို့ပြပျက်စီးအောင် လုပ်သလို မဖြစ်ဖို့တော့ အရေးကြီးတာပေါ့ဗျာ၊ AA က တိုင်း ၃ တိုင်းထိုးတာ တို့ စစ်တွေထိုးတာတို့ တစ်ဖက်ကလုပ်သလို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရုရှား၊ ဘယ်လာရုစ်က ပြန်လာပြီးတော့ သူကလည်း သူ့သံခင်း၊ တမန်ခင်းမှာ အောင်ပွဲခံလာတဲ့ပုံမျိုး လာတာကိုးဗျ၊ နှစ်ဖက်အင်အား မြှင့်ပြီးတော့ ပြိုင်ကြမယ်ဆိုရင်တော့ ဒေသခံပြည်သူလူထုတွေ၊ မြို့ပြတွေ ပိုမိုပျက်စီးဖို့ပဲ ရှိတာပေါ့ဗျာ” ဟု ပြောသည်။
AA သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်ပြည်နယ်အတွင်းမှာ ထိုးစစ်စတင်ခဲ့ရာ မြို့နယ်ပေါင်း၁၄ မြို့နယ်အား ထိန်းချုပ်ပြီးနောက် ပြည်တွင်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည်။
AA က နိုင်ငံရေးနည်းဖြင့် ဆွေးနွေးဖြေရှင်းမည်ဟု ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် မြန်မာ့တပ်မတော်နှင့် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။
AA တပ်ဖွဲ့ကို တွေ့ရစဉ်
မြန်မာ့တပ်မတော်၏ အဓိက စိုးရိမ်နေခြင်းသည် စစ်တွေမြို့မဟုတ်ဘဲ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး စသည့် တိုင်း ၃ တိုင်းအား စစ်ရေးချဲ့ထွင်နေသည့် ကိစ္စများပင်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “စစ်တွေက အဓိက မဟုတ်ပါဘူး၊ အခုက အာရက္ခတပ်တော်နဲ့ ပတ်သက်ပြီးတော့ စစ်ကောင်စီဘက်က အဓိက စိုးရိမ်စိတ်ပူနေတာက စစ်တွေ မဟုတ်ပါဘူး၊ စစ်တွေက အစိတ်အပိုင်း တစ်ပိုင်းပါပဲ၊ တကယ်ကတော့ ဧရာဝတီတိုင်း၊ မကွေးတိုင်းနဲ့ ပဲခူးတိုင်း တိုင်း ၃ တိုင်းကို စစ်ရေးချဲ့ထွင်နေတဲ့ကိစ္စ၊ စစ်ရေးထိုးစစ်တွေ လုပ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့က စိုးရိမ်တာပါ၊ သူတို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ညှိနှိုင်းဖို့ ကြိုးစားလိမ့်မယ် လို့ ကျနော်တော့ ယူဆပါတယ်၊ ဒါပေမယ့် အာရက္ခတပ်မတော်ကလည်း ဒီဆွေးနွေးပွဲတွေ မတိုင်ခင် နောက် တစ်ခုက စစ်တွေကို ထိုးစစ် မစတင်ကတည်းက တွေ့ဆုံဆွေးနွေးမယ်လို့ ပြောပြီးသားပါ၊ သူကတော့ သဘော ပြောရလို့ရှိရင် ကျနော့်အထင်တော့ စစ်ရေးအရ အပေါ်စီးရနေတဲ့ အနေအထားမှာ သူကအပေါ်စီးကပဲနေမှာ အဲလိုရနေတဲ့ အနေအထားမှာ ဒီစစ်ကို ဘယ်ပိုင်းကိုရပ်ပါ၊ ဘယ်ပိုင်းကို နားပါဆိုတဲ့ ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ပါ ဘူး၊ အဲဒါကြောင့် ဒီဆွေးနွေးပွဲက ဆွေးနွေးပွဲပဲဖြစ်ပြီးတော့ စစ်ရာစစ်ရေးနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ဖြစ်လာစရာ သိပ်မရှိဘူးလို့ ကျနော်ကတော့ ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် AA သည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပဲခူးတိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် များ၌ တိုက်ပွဲများ ဖော်ဆောင်နေပြီး ကွန်ဖက်ဒရေးရှင်းထက် မနိမ့်သော နိုင်ငံရေးအဆင့်အတန်းတစ်ခုကို ရရှိ အောင် ကြိုးပမ်းလျက်ရှိနေသည်။