CNI International News

အင်ဖာ၊ မတ်လ ၁၀

အိန္ဒိယနိုင်ငံတွင် လူမျိုးစုပဋိပက္ခ ဖြစ်ပွားခဲ့သည့် မဏိပူရပြည်နယ်၏ နယ်မြေအားလုံးတွင် လုံခြုံရေးတပ်ဖွဲ့များနှင့် ဆန္ဒပြသူများအကြား အဓိကရုဏ်းများ ဖြစ်ပွားခဲ့ကြောင်း Deccan Herald သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

မဏိပူရပြည်နယ်၏ ကန်းပေါ့ပီ (Kangpokpi) ခရိုင်တွင် မတ်လ ၉ ရက် မနက်ပိုင်းက ကူကီး-ဇိုအဖွဲ့များက လမ်းများကို အလုံးစုံပိတ်ပစ်ရန် တိုက်တွန်းချက်ကြောင့် အခြေအနေမှာ အနည်းငယ် တည်ငြိမ်သွားခဲ့သည်ဟု ဆိုသည်။

မတ်လ ၈ ရက်က ထိုခရိုင်၏ နယ်မြေဒေသများတွင် ကူကီး ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ခိုက်ရန် ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူ ၁ ဦးသေဆုံးသည်။

ထို့နောက် အမျိုးသမီးများနှင့် ရဲတပ်ဖွဲ့ဝင်များ အပါအဝင် လူပေါင်း ၄၀ ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့နဲ့ ကူကီးများ အဓိကရုဏ်းဖြစ်နေစဉ်

အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) က ပြည်နယ်အတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့် ရှိစေရန် အမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ထိုအမိန့်ကို ဆန့်ကျင်သူများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဗုံးများ အသုံးပြုပြီး လူစုခွဲခဲ့ချိန်တွင် ကူကီးများ လွှမ်းမိုးထားသည့် ရပ်ကွက်များ၌ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များက ဂမ်ဂီဖီ (Gamghiphai) ကျေးရွာနှင့် အင်ဖာ-ဒီမာပူလမ်းမကြီး (Imphal-Dimapur Road) ဖြစ်သည့် NH-2 လမ်းမပေါ်တွင် လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကြက်ချထားခဲ့ပြီး တရားဥပဒေစိုးမိုးမှုကို စိတ်ချ သေချာစေရန် ကင်းလှည့်မှုများ ပြုလုပ်လျက်ရှိသည်ဟု ခရိုင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် မတ်လ ၈ ရက် ညပိုင်းအထိ လုံခြုံရေးတပ်ဖွဲ့များနှင့် အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကား ၅ စီးက လေကာမှန်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

ကူကီး-ဇို အဖွဲ့ဖြစ်သည့် တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များဖိုရမ် (ITLF) ကမူ လုံခြုံရေးတပ်ဖွဲ့များ၏ အင်အားသုံးဖြိုခွင်းမှုကို ဆန့်ကျင်သည့် အနေဖြင့် ပြည်နယ်အတွင်းရှိ ကူကီးများ အခြေချနေထိုင်သော နေရာ ဒေသအားလုံးတွင် လမ်းများပိတ်ဆို့မှု ပြုလုပ်ရန် တိုက်တွန်းခဲ့သည့် ကူကီး-ဇိုကောင်စီ (KZC) ၏ တိုက်တွန်း ချက်ကို ထောက်ခံခဲ့သည်။

ကူကီး-ဇို လူမျိုးများ နေထိုင်သည့်ဒေသများတွင် ကသည်းလူမျိုးများအား ဖြတ်သန်းသွားလာခွင့် ပြုခဲ့သည့် အိန္ဒိယ အစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် ကန်းပေါ့ပီခရိုင်တွင် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များက အင်အား သုံး ဖြိုခွင်းခဲ့ကြောင်း ထို့ကြောင့် ကူကီး-ဇို လူမျိုးများနေထိုင်သည့် နေရာဒေသများ အားလုံးကို သွားရေးလာရေး ပိတ်ဆို့ပစ်ရန် တောင်းဆိုချက်အား ထောက်ခံကြောင်း ITLF က ထုတ်ပြန်ခဲ့သည်။

ထို့ပြင် မတ်လ ၈ ရက်က ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သူတိုင်းကိုလည်း မိမိတို့က လေးစားကြောင်း ထုတ်ပြန်ချက်၌  ဖော်ပြခဲ့သည်။

Source: Daccan Herald