CNI International News

မော်စကို၊ မတ်လ ၂၅

အမေရိကန်နှင့် ၎င်းမဟာမိတ်များ၏ ရန်လိုသည့် တိုက်ခိုက်မှုများမှ မည်သည့်နိုင်ငံမှ မလွှတ်ကင်းနိုင်ဟု ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျေလာဗရော့ဗ် (Sergey Lavrov) က သောကြာနေ့တွင် Razvedchik မဂ္ဂဇင်းသို့ ပြောခဲ့ကြောင်း တာ့စ်သတင်းတွင် ဖော်ပြသည်။

ယေဘုယျအားဖြင့်ဆိုလျှင် ယနေ့အချိန်တွင် မည်သည့်နိုင်ငံမဆို အမေရိကန်နှင့် နေတိုးအဖွဲ့ဝင်များကြောင့် မလုံခြုံဟု ၎င်းကပြောခြင်းဖြစ်သည်။ ရုရှားမှလွဲ၍ နိုင်ငံပေါင်းများစွာသည် ခြိမ်းခြောက်ခံနေရသည်ဟုလည်း ဆိုသည်။ လက်ရှိ ယူကရိန်း၏အခြေအနေသည် ကမ္ဘာကြီးအား လွှမ်းမိုးရေးအတွက် မတူကွဲပြားသော ကမ္ဘာ့ အခင်းအကျင်းမှ ကိုယ်ပိုင်ပေါ်ထွက်လာမှုဆိုင်ရာ ကွဲလွဲမှုဖြစ်သည်ဟု လာဗရော့ဗ်က ပြောသည်။

၎င်းတို့တွင် အင်ဒို-ပစိဖိတ် မဟာဗျူဟာများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် တရုတ်အားဟန့်တားရေး မဟာဗျူဟာ မြောက်လုပ်ငန်းစဉ်တစ်ခုပင် သတ်မှတ်ထားကြောင်းလည်း ရုရှားဝန်ကြီးက ပြောသည်။ ဘယ်လာရုစ်နှင့်ကျူးဘားတို့အပါအဝင် အချုပ်အခြာအာဏာပိုင်နိုင်ငံများ၏ ပြည်တွင်းရေး ကိစ္စများကို အနောက်အုပ်စု၏ ရက်စက် ကြမ်းကြုတ်သော ပါဝင်စွက်ဖက်မှုများကိုလည်း ၎င်းက ပြစ်တင် ပြောဆိုသွားခဲ့သည်။

လစ်သူယေးနီးယားတွင် နေတိုးတပ်များကို တွေ့ရစဉ်

အဆိုးရွားဆုံး ကိုလိုနီအလေ့အထများဖြင့် အမေရိကန်နှင့် ၎င်းတို့အား ထောက်ခံသူများသည် ကမ္ဘာကြီးအား ဒီမိုကရေစီနှင့် အာဏာရှင်နိုင်ငံများဟူ၍ ခွဲခြားရန် ကြိုးပမ်းနေကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

ဥရောပအား ဥယျာဉ်ဟုသတ်မှတ်ကာ ကျန်ကမ္ဘာ့အစိတ်အပိုင်းများကို တောတွင်းဟု သုံးနှုန်းခဲ့သည့် အီးယူ သံတမန်ရေးရာအကြီးအကဲ ဂျိုးဆပ်ဘော်ရယ်(Josep Borrell) ၏ ခွဲခြားသော ထုတ်ပြန်ချက်ကိုလည်း လာဗရော့ဗ် က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

Source:တာ့စ်သတင်းဌာန