CNI International News

ဝါရှင်တန်၊ မတ်လ ၂၅

ဒရုန်းတိုက်ခိုက်မှု တစ်ခုတွင် အမေရိကန် ကန်ထရိုက်တာတစ်ဦး သေဆုံးသွားခဲ့ပြီးနောက် ဆီးရီးယားအရှေ့ပိုင်းရှိ အီရန်နှင့် ဆက်စပ်နေသည့် လက်နက်ကိုင်အုပ်စုများကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု အမေရိကန်ကာကွယ်ရေး အကြီးအကဲမှ ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် အီရန်လိုလားသည့် တိုက်ခိုက်ရေးသမား ၁၄ ဦး သေဆုံးခဲ့သည်ဟု စောင့်ကြည့်ရေးအဖွဲ့က ပြောသည်။

အီရန်လုပ်ဟု အမေရိကန် ထောက်လှမ်းရေးဘက်မှ သတ်မှတ်ထားသော ဒရုန်းတိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာ ကြာသပတေးနေ့ညတွင် လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောသည်။

ယခင်တုန်းကလည်း ဆီးရီးယားအရှေ့မြောက်ပိုင်းရှိ အမေရိကန် စစ်စခန်းများ တိုက်ခိုက်ခံခဲ့ရဖူးကြောင်း၊ ထိုတိုက်ခိုက်မှုကို အမေရိကန်ဘက်က လေကြောင်းတိုက်ခိုက်မှုများဖြင့် တုန့်ပြန်ခဲ့ဖူးသည်။

ပြီးခဲ့သည့် သြဂုတ်လတွင် အမေရိကန်သည် ဆီးရီးယားအရှေ့ပိုင်းရှိ နေရာများသို့ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ဆီးရီးယားရှိ အမေရိကန် စစ်စခန်းကိုတွေ့ရစဉ်

အီရန်၏ အင်အားကြီး IRCG တပ်ဖွဲ့နှင့် ဆက်စပ်နေသည့် လက်နက်ကိုင်အဖွဲ့များ ရှိနေသည်ဟု အမေရိကန်ဘက် က ကြေညာထားသည်။

ကြာသပတေးနေ့ညက လေကြောင်း တိုက်ခိုက်မှုကို သမ္မတ ဘိုင်ဒန် (Baiden)၏ အမိန့်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ယင်းသည် ဆီးရီးယားရှိ ညွှန့်ပေါင်းတပ်ဖွဲ့များကို IRCG နှင့် ဆက်စပ်နေသည့် တပ်ဖွဲ့များက တိုက်ခိုက်ခဲ့မှုများ အပေါ် တုန့်ပြန်မှုဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ပြောသည်။

ထိုအဖွဲ့များ အသုံးပြုနေသည့် အဆောက်အဦများကို ပစ်မှတ်ထားသည်ဟုလည်း ၎င်းက ပြောသည်။

ကနေဒါနိုင်ငံ၊ အော့တဝါ (Ottawa) မြို့သို့ သွားစဉ် အမေရိကန် ကန်ထရိုက်တာ သေဆုံးမှုကို ကြားသိခဲ့ရပြီး မိသားစုအတွက် စိတ်မကောင်းဖြစ်မိကြောင်း ဘိုင်ဒန်က ပြောသည်။

အမေရိကန် ဗုံးကြဲတဲ့နေရာကို ညွန်းပြထားစဉ်

အီရန်နှင့် ပဋိပက္ခ မဖြစ်လိုသော်လည်း အမေရိကန်ပြည်သူများ၏ အသက်ကို ကာကွယ်ရန် အဆင်သင့် ပြင်ဆင်ထားသည်ဟု ဘိုင်ဒန်က သတင်းထောက်များကို ပြောခဲ့သည်။

အခြေအနေ တင်းမာမှုများမှာ ဆက်လက် မြင့်တက်လျက်ရှိပြီး သောကြာနေ့ မနက်ပိုင်းတွင် ဆီးရီးယား အရှေ့ မြောက်ပိုင်းရှိ Green Village ဟုခေါ်သော နောက်ထပ် အမေရိကန် စစ်စခန်းတစ်ခု ဒုံးကျည်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု အမေရိကန်အရာရှိများက ပြောသည်။

ထိုတိုက်ခိုက်မှုတွင်တော့ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပေ။ ဆီးရီးယားသည် အန္တရာယ်များသော ပတ်ဝန်းကျင်တစ်ခု ဖြစ်ကာ ယင်းရှိ နိုင်ငံသားများနှင့် အဆောက်အဦများကို ကာကွယ်နိုင်ရေး ဆောင်ရွက်သွားမည်ဟု အမေရိကန် လုံခြုံရေးကောင်စီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby) က CNN နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Source: BBC