CNI International News

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၅

အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားနိုင်ငံများရှိ အီရန်၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC)နှင့် ဆက်နွှယ် သည့် ပစ်မှတ်များ၊ အီရန်က ထောက်ပံ့ပေးထားသော လက်နက်ကိုင်များ အပါအဝင် ပစ်မှတ် ၈၅ ခုကျော်ကို လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် လူ ၄၀ နီးပါး သေဆုံးခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂျော်ဒန်နိုင်ငံတွင် အမေရိကန်စစ်သားများကို ဒရုန်းနှင့်တိုက်ခိုက်ခဲ့မှုအား လက်တုန့်ပြန်သည့်အနေဖြင့် အမေရိကန်က ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်မှ တောက်လျှောက် ပျံသန်းလာခဲ့သည့် B-1 ဗုံးကြဲလေယာဉ်များ ပါဝင်သော ထိုလေကြောင်း တိုက်ခိုက်မှုသည် ပြီးခဲ့သည့် သီတင်းပတ်က ဂျော်ဒန်တွင် အမေရိကန်စစ်သား ၃ ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို တုန့်ပြန်သည့် ပထမဆုံး လက်စားချေတိုက်ခိုက်မှု ဖြစ်သည်။

 အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကာနာနီကို တွေ့ရစဉ်

ထို့ပြင် လာမည့် ရက်များအတွင်းတွင်လည်း အမေရိကန်၏ တိုက်ခိုက်မှုများကို ဆက်လက် မြင်တွေ့ရဖွယ် ရှိနေသည်။

အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဟားမာ့စ်အဖွဲ့မှ ဝင်ရောက်တိုက်ခိုက်မှုကြောင့် အစ္စရေးနှင့် ဟားမာ့စ် အကြား စစ်ပွဲဖြစ်ပွားနေချိန်တွင် ယခုကဲ့သို့ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရှေ့အလယ် ပိုင်းဒေသအတွင်း ပျံ့နှံ့လာခဲ့သည့် ပဋိပက္ခများကို ပိုမိုပြင်းထန်စေခဲ့သည်။

အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများသည် အမေရိကန်အစိုးရ၏ မဟာဗျူဟာမြောက် အမှားအယွင်းတစ်ခု ဖြစ်ပြီး တင်းမာမှုများနှင့် မတည်ငြိမ်မှုများကိုသာ ဖြစ်စေနိုင်လိမ့်မည်ဟု အီရန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ နက်ဆာ ကာနာနီ (Nasser Kanaani) က ပြောကြားခဲ့သည်။

SOHR ၏ အကြီးအကဲ ရာမီအဗ္ဗဒူရာမန်ကို တွေ့ရစဉ်

အီရတ်ကလည်း ထိုလေကြောင်း တိုက်ခိုက်မှုကို ဆန့်ကျင်ကြောင်း ဖော်ပြရန်အတွက် အီရတ်နိုင်ငံဆိုင်ရာ အမေရိကန် ယာယီတာဝန်ခံသံမှူးကို ဆင့်ခေါ်ခဲ့သည်။

အီရတ်၏ နယ်နိမိတ်အတွင်း စစ်ပွဲဖြစ်ပွားရန် ရန်စောင်နေသည့် နိုင်ငံများအကြား အင်အားပြမှုများ သို့မဟုတ် ထိပ်တိုက်တွေ့မှုများကို လက်ခံမည် မဟုတ်ဟု အီရတ်က အမေရိကန်ယာယီ တာဝန်ခံသံမှူးကို ထပ်လောင်း ပြောကြားခဲ့ကြောင်း အီရတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အီရန်က ထောက်ခံပေးထားသည့် လက်နက်ကိုင်အုပ်စုများ ပါဝင်သော အီရတ်၏ Popular Mobilization Forces တပ်ပေါင်းစုကမူ အမေရိကန်၏ တိုက်ခိုက်မှုကြောင့် ၎င်းတို့တပ်ပေါင်းစုအတွင်းမှ လက်နက်ကိုင် တိုက်ခိုက်ရေး သမားများနှင့် ဆေးတပ်သားများ အပါအဝင် လူပေါင်း ၁၆ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ဆီးရီးယားတွင်မူ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူ ၂၃ ဦး သေဆုံးခဲ့ကြောင်း ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ (SOHR) ၏ အကြီးအကဲ ရာမီ အဗ္ဗဒူရာမန် (Rami Abdulrahman) က ပြောကြားခဲ့သည်။

Source: ရိုက်တာ