CNI International News

တီဟီရန်၊ ဖေဖော်ဝါရီ ၃

အီရန်နိုင်ငံအနေနှင့် စစ်ပွဲကို စတင်မည် မဟုတ်သော်လည်း မိမိတို့အား အနိုင်ကျင့်ဗိုလ်ကျမည့် မည်သူ့ကိုမဆို ပြင်းထန်စွာ တုန့်ပြန်သွားမည်ဟု အီရန်သမ္မတ အီဘရာဟင် ရာအီစီ (Ebrahim Raisi) က ဖေဖော်ဝါရီ ၂ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဇန်နဝါရီ  ၂၇ ရက်က ဂျော်ဒန်နိုင်ငံရှိ စစ်စခန်းတွင် အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် လက်နက်ကိုင် အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သား ၃ ဦး သေဆုံးခဲ့မှုကို အမေရိကန်က လက်တုန့်ပြန်မည် ဆိုခြင်းအပေါ် ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ရာအီစီ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်၏ CBS News ကမူ အမေရိကန်သည် အီရတ်နှင့် ဆီးရီးယားရှိ အီရန်စစ်မှုထမ်းများနှင့် အဆောက်အအုံများ အပါအဝင် ပစ်မှတ် အများအပြားကို တိုက်ခိုက်ရန် အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း ဖေဖော်ဝါရီ ၁ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

"ကျနော်တို့ဘက်က ဘယ်စစ်ပွဲကိုမှ စတင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ကို အနိုင်ကျင့်ချင်တဲ့ ဘယ်သူ့ ကိုမဆို ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမှာပါ။ အရင်ကတော့ အမေရိကန်ဟာ ကျနော်တို့နဲ့ ဆွေးနွေးချင်တဲ့ အခါမျိုးမှာ စစ်ရေးရွေးချယ်မှုကို ထည့််သွင်းစဉ်စားမယ်လို့ ပြောခဲ့ပါတယ်။ အခုတော့ သူတို့ဟာ အီရန်နဲ့ ပဋိပက္ခ မဖြစ်ချင်ဘူးလို့ ပြောနေပါတယ်" ဟု ရာအီစီက ပြောကြားခဲ့သည်။

အီရန်စစ်တပ်သည် ဒေသတွင်းနှင့် မည်သည့်နိုင်ငံကိုမှ ခြိမ်းခြောက်ခဲ့ခြင်းမရှိကြောင်း ဒေသတွင်း နိုင်ငံများ၏ လုံခြုံရေးကို စိတ်ချသေချာစေရန်ဖြစ်ကြောင်း ရာအီစီက ပြောသည်။

အမေရိကန်စစ်သား ၃ ဦး သေဆုံးပြီး လူ ၄၀ ကျော် ဒဏ်ရာရခဲ့သည့် ဂျော်ဒန်ရှိ စစ်စခန်း တိုက်ခိုက်ခံရမှုကို လေ့လာခဲ့ပြီးနောက် ထိုတိုက်ခိုက်မှုကို အီရန်က ပြုလုပ်ခြင်းဖြစ်ကြောင်း အမေရိကန်အရာရှိ ၄ ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

အီရန်၏ တော်လှန်ရေး အစောင့်တပ်ဖွဲ့သည် ဆီးရီးယားရှိ ထိပ်သီးအရာရှိများကို ပြန်လည်ခေါ်ယူနေကြောင်း လည်း သတင်းရင်းမြစ်များတွင် ဖော်ပြခဲ့သည်။

အီရန်၏ အကြံပေးပုဂ္ဂိုလ်များသည် အမေရိကန်စစ်သား ၂၅၀၀ ရှိသည့် အီရတ်နှင့် အမေရိကန်စစ်သား ၉၀၀ ရှိသည့် ဆီးရီးယားနိုင်ငံတို့ရှိ လက်နက်ကိုင်အဖွဲ့များကို ထောက်ပံ့ပေးလျက်ရှိသည်။

Source: ရိုက်တာ