CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၂၁

ယူကရိန်းဓာတ်အားပေးစက်ရုံများနှင့် အခြားအရေးပါသော အခြေခံ အဆောက်အအုံများကို ရုရှားမောင်းသူမဲ့ လေယာဉ်(ဒရုန်း)ဖြင့် တိုက်ခိုက်ခြင်းအတွက် ခရိုင်းမီးယားရှိ အီရန်တပ်များ မြေပြင်၌ တိုက်ရိုက် ပါဝင်ပတ်သက် နေကြောင်း အမေရိကန်သမ္မတ၏ အိမ်ဖြူတော်က အောက်တိုဘာ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အီရန်သည် ရုရှားကို ထဲထဲဝင်ဝင် ကူညီနေသည့် သက်သေ အထောက်အထားများ ခိုင်လုံစွာ ရှိကြောင်း အိမ်ဖြူတော်က ဆက်လက် ပြောကြားခဲ့သည်။

ခရိုင်းမီးယား၌ အီရန်လုပ် မောင်းသူမဲ့ လေယာဉ် (ဒရုန်းများ) ပစ်လွှတ်ရာတွင် ရုရှားတပ်များကို ကူညီဖို့ အီရန် စစ်မှုထမ်းများ စေလွှတ်ခဲ့ကြောင်း၊ ထို လုပ်ရပ်သည် ၂၀၁၄ ခုနှစ် နိုင်ငံတကာဥပဒေကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း အိမ်ဖြူတော်မှ အမျိုးသားလုံခြုံ‌ရေးကောင်စီ ပြောခွင့်ရသူ ဂျွန်ကာဘီ (John Kirby) က ပြောကြားခဲ့သည်။

ဒရုန်းများ သုံးစွဲရာတွင် ရုရှားတပ်များအား အကူအညီပေးရန် အီရန်တော်လှန်ရေး အစောင့်တပ်၏ တပ်ခွဲတစ်ခွဲမှ စစ်မှုထမ်းများကို စေလွှတ်ခဲ့ကြောင်း မိမိတို့ သိရှိရသည်ဟု ဗြိတိန်အစိုးရကလည်း ပြောကြားခဲ့သည်။

ယူကရိန်းကို တိုက်ခိုက်ခဲ့တဲ့ အီရန်ဒရုန်း (AP)

အီရန်လုပ် ဒရုန်းများ အကူအညီဖြင့် ယူကရိန်း အရပ်သား ပစ်မှတ်များကို ရုရှားတိုက်ခိုက်နေကြောင့် ဘိုင်ဒန် သည် အီရန်အပေါ် နိုင်ငံတကာမှ ဖိအားပေးနိုင်ရန် ကြိုးပမ်းနေသည်။ ထိုအချိန်မှာပဲ အထက်ပါအတိုင်း အမေရိကန်ထောက်လှမ်းရေး၏ တွေ့ရှိချက်များ ထွက်ပေါ်လာခဲ့သည်။

မကြာသေးမီ ရက်များအတွင်း ရုရှားသည် ယူကရိန်း၏ စစ်ဘက်ဆိုင်ရာ မဟုတ်သော ပစ်မှတ်များကို တိုက်ခိုက် ရာတွင် အီရန်မှ ပို့ပေးသည့် ဒရုန်းများအပြင် ကာလီဘာ (Kalibr) နှင့် အစ္စကန်ဒါ (Iskander) ခရုဇ်ဒုံးကျည်များပါ တိုးမြှင့် သုံးစွဲလာခဲ့သည်။

ရုရှားတပ်များသည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်ကတည်းက ယူကရိန်းဓာတ်အားပေး စက်ရုံများ၏ ၃၀ ရာခိုင်နှုန်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက ယခုသီတင်းပတ်တွင် ပြောကြား ခဲ့သည်။

“ကျနော်တို့ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ အီရန်တွေဟာ ခရိုင်းမီးယားက စစ်သင်တန်း နည်းပြတွေ နဲ့ နည်းပညာပံ့ပိုးမှု လုပ်ခဲ့ပေမယ့် ပစ်လွှတ်ရေးကိုတော့ ရုရှားတွေ လုပ်နေတယ်လို့ သိရပါတယ်” ဟု ဂျွန်ကာဘီ က သတင်းထောက်များကို ရှင်းပြခဲ့သည်။

ဘိုင်ဒန်အစိုးရသည် အီရန်အပေါ် ပိတ်ဆို့အရေးယူမှု အသစ်များ ချမှတ်ရန် ကြိုးပမ်းနေပြီး ယင်းကဲ့သို့ ရုရှားထံသို့ အီရန်ရောင်းချရန် ခက်ခဲစေမည့် နည်းလမ်းများ ရှာဖွေသွားမည်ဟု အိမ်ဖြူတော်က ပြောကြားခဲ့သည်။

Source: AP