CNI International News

ဘန်ကောက်၊ စက်တင်ဘာ ၁၂

ဖြူးထိုင်းပါတီကို ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် (Thaksin Shinawatra )က တရားမဝင် ထိန်းချုပ် ထားခြင်း ရှိ/မရှိ စုံစမ်းစစ်ဆေးပေးရန် Thai Pakdee Party ဥက္ကဋ္ဌ ဝါရွန် ဒီကီထီဝီကရွန် (Warong Dechgitvigrom)က ထိုင်းရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အတိုက်အခံ တစ်ဦးဖြစ်သည့် ဝါရွန်သည် ၎င်း၏ လျှောက်ထားလွှာကို စက်တင်ဘာ ၁၁ ရက်က ရွေးကောက်ပွဲ ကော်မရှင်ရုံး၌ တင်သွင်းခဲ့သည်။

သက်ဆင်သည် ဖြူးထိုင်းပါတီအပေါ် ဩဇာလွှမ်းမိုးထားကြောင်းနှင့် ဖြူးထိုင်းပါတီ ကိုယ်တိုင်ကလည်း သက်ဆင် ၏ လွှမ်းမိုးမှုကို လက်ခံထားကြောင်း ဒေါက်တာဝါရွန်က စွပ်စွဲခဲ့သည်။

ထိုင်းတွင် နိုင်ငံရေးပါတီများဆိုင်ရာ အခြေခံအက်ဥပဒေအရ နိုင်ငံရေးပါတီများအနေဖြင့် မည်သူတစ်စုံတစ်ဦး၏ လွှမ်းမိုးမှုအောက်တွင် မရှိစေရန် တားမြစ်ထားပြီး တားမြစ်ချက်ကို ချိုးဖောက်သည့် ပါတီသည် ဖျက်သိမ်းခံရ မည်ဖြစ်သည်။

ဝန်ကြီးချုပ်ဟောင်း ဆရီသာ သာဗီဆင် (Srettha Thavisin) ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဩဂုတ် ၁၄ ရက်တွင် သက်ဆင်သည် ဖြူးထိုင်ပါတီ အပါအဝင် ညွန့်ပေါင်းပါတီများ၏ ထိပ်သီးခေါင်းဆောင်များကို ၎င်း၏ နေအိမ်တွင် ဖိတ်ကြားပြီး အစိုးရသစ် ဖွဲ့စည်းရေး ဆွေးနွေးခဲ့သည်ဟု ဒေါက်တာဝါရွန်က ပြောကြားခဲ့သည်။

Thai Pakdee Party ဥက္ကဋ္ဌ ဝါရွန် ဒီကီထီဝီကရွန်ကိုတွေ့ရစဉ်

ထိုကဲ့သို့ ဆွေးနွေးခဲ့သည့် အချက်ကိုလည်း မည်သည့်ပါတီကမျှ ငြင်းဆိုခဲ့ခြင်း မရှိကြောင်း ၎င်းက ပြောသည်။

ဩဂုတ် ၂၀ ရက်တွင်လည်း သက်ဆင်က သူ့သမီးဖြစ်သူ ဝန်ကြီးချုပ် ပေတုန်တန် ရှင်နာဝပ် ( Paetongtarn Shinawatra) သည် ကာကွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လိမ့်မည် မဟုတ်ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ပေတုန်တန်အတွက် ထိုတာဝန်သည် ကြီးလေးလွန်းသောကြောင့်ဖြစ်ကြောင်း သတင်းထောက်များကို ပြောဆိုခဲ့သည်ဟု ဒေါက်တာဝါရွန်က ပြောသည်။

ထို့ပြင် သက်ဆင်က သူသည် ပေတုန်တန်ကို ဩဇာလွှမ်းမိုးမည် မဟုတ်ကြောင်း မှတ်ချက်ပေးခဲ့သော်လည်း သမီးတစ်ဦးအဖြစ် ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်ဟု ဝါရွန်က ပြောသည်။

ထိုင်းအစိုးရအဖွဲ့သစ်အပေါ် သက်ဆင်၏ လွှမ်းမိုးချုပ်ကိုင်မှုများ ရှိနေခြင်း ရှိ/မရှိ ကျွမ်းကျင်သူများက မေးခွန်း ထုတ်နေချိန်တွင် ဝါရွန်၏ ပြောကြားချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဖြူးထိုင်းပါတီ အနေဖြင့် ဖျက်သိမ်းခံရနိုင်မည့် အန္တရာယ်နှင့် ရင်ဆိုင်လာခဲ့ရခြင်းဖြစ်သည်။

Source: ဘန်ကောက်ပို့စ်