CNI International News

ဘန်ဂီ၊ စက်တင်ဘာ ၁၂

အမေရိကန်နှင့် ရုရှားအကြား အာဖရိကတိုက်တွင် ဩဇာလွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေမှုသည် ဗဟိုအာဖရိကသမ္မတနိုင်ငံ (CAR)တွင် ပိုမိုအရှိန်မြင့်တက်လာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်က ရုရှားနိုင်ငံတွင် ကြေးစားစစ်သားအဖွဲ့ဖြစ်သည့် Wagner Group ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂိုဇင် (Yevgeny Prigozhin) ၏ ပုန်ကန်မှုဖြစ်ပွားပြီး နာရီပိုင်းအကြာတွင် ဗဟိုအာဖရိကသမ္မတနိုင်ငံ၏ အရာရှိများသည် အမေရိကန်ကို အကူအညီတောင်းခံသည့် စာတစ်စောင် ပေးပို့ခဲ့သည့်သတင်း ထွက်ပေါ်လာ ခဲ့သည်။

Wagner ကြေးစားစစ်သား ၁၅၀၀ ခန့် တပ်စွဲထားသည့် ဗဟိုအာဖရိကနိုင်ငံ၏ အရာရှိများသည် အမေရိကန် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတစ်ခုနှင့် အစည်းအဝေးများ ပြုလုပ်ရန် ထိုပေးစာထဲတွင် ရေးသားတောင်းဆိုခဲ့သည်။

ထို့နောက် ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် အမေရိကန်၏ ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီဖြစ်သည့် Bancroft Global Development အစည်းအဝေးများ ဆက်တိုက်ပြုလုပ်ခဲ့ကာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်ခု ချုပ်ဆိုနိုင်ခဲ့သည်။

ထိုအခြေအနေကြောင့် အာဖရိကတိုက်တွင် ဩဇာလွှမ်းမိုးရန် အပြိုင်အဆိုင် ကြိုးပမ်းနေသည့် အမေရိကန်နှင့် ရုရှားအကြား တင်းမာမှုများသည် ဗဟိုအာဖရိကသမ္မတနိုင်ငံတွင် ပိုမိုအရှိန်မြင့်တက်လာခဲ့သည်။

ကွယ်လွန်သွားပြီဖြစ်တဲ့ Wagner Group ခေါင်းဆောင် ယက်ဗ်ဂျီနီ ပရီဂိုဇင်ကို တွေ့ရစဉ်

ရုရှားကြေးစား စစ်သားများသည် ၎င်းတို့၏ အင်အားကို ချဲ့ထွင်ရန် ဗဟိုအာဖရိကသမ္မတနိုင်ငံအတွင်း သူပုန်များ အား ချေမှုန်းသည့် နည်းဗျူဟာကိုအသုံးပြုခဲ့သည်။

သို့သော် ရုရှားကြေးစား စစ်သားများသည် အရပ်သားများကို ညှင်းပန်းနှိပ်စက်ခြင်း၊ တွင်းထွက်ပစ္စည်းများနှင့် ကျွန်းသစ်များကဲ့သို့ သဘာဝသယံဇာတများကို ရယူ၍ အမြတ်ထုတ်ခြင်းတို့ရှိခဲ့ကြောင်း ဒေသခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲခဲ့ကြသည်။

Wagner Group ခေါင်းဆောင် ပရီဂိုဇင် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ပြီးနောက် ရုရှားသည် အာဖရိကတွင် လှုပ်ရှားနေသည့် ၎င်းတို့၏ စစ်ဆင်ရေးများကို ပြန်လည်ချိန်ညှိခဲ့သည်။

ပြီးခဲ့သည့်နှစ်များအတွင်း အာဖရိကနှင့် အဆက်အဆံ သိပ်မရှိခဲ့သည့် အမေရိကန်ကမူ အာဖရိကတွင် ရုရှား ဩဇာ လွှမ်းမိုးမှုကို ဟန့်တားရန် ကြိုးပမ်းနေပြီး အာဖရိကနိုင်ငံများကို ရုရှားကြေးစားများနှင့် ခပ်ကင်းကင်းနေရန် တွန်းအားပေးလျက်ရှိသည်။

 ရုရှားထောက်ခံကြောင်း ပြသနေတဲ့ အာဖရိကနိုင်ငံသားတွေကို တွေ့ရစဉ်

အာဖရိကတွင် အမေရိကန်ဆန့်ကျင်ရေး သဘောထားများ ပျံ့နှံ့နေမှုသည် ရုရှားကြောင့်ဖြစ်ကြောင်း၊ ရုရှားသည် ၎င်း၏ ဗျူဟာကို ပြောင်းလဲရန် ကြိုပမ်းနေသည်ဟု အမေရိကန်အရာရှိများက ပြောကြားခဲ့သည်။

"တကယ်လို့ အာဖရိကမှာ အမေရိကန်က ခြေကုပ်မယူနိုင်ဘူးဆိုရင် ရုရှားအတွက် စီးပွားရေးနဲ့ နိုင်ငံရေး အသာစီး ရလာပါလိမ့်မယ်။ တကယ်လို့ ဗဟိုအာဖရိကသမ္မတနိုင်ငံမှာ ရုရှားဟာ ဩဇာလွှမ်းမိုးမှု ဆုံးရှုံးသွားမယ်ဆိုရင် တခြား အာဖရိကနိုင်ငံတွေမှာလည်း ရုရှားရဲ့ ဩဇာလွှမ်းမိုးမှုတွေ ဆက်တိုက် ကျဆင်းလာနိုင်ပါတယ်" ဟု ဗြိတိန် ၏ ကာကွယ်ရေးနှင့်လုံခြုံရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် Royal United Services Institute မှ ကျွမ်းကျင် သူ ဆင်မြူယယ် ရာမီနီ (Samuel Ramani) က ပြောကြားခဲ့သည်။

Source: အေပီ