NI International News

ဘန်ကောက်၊ မတ်လ ၁၈

မကြာသေးမီလများအတွင်း အလုပ်အကိုင်များ လျှော့ချမှု ဆက်တိုက်ရှိခဲ့သဖြင့် စီးပွားရေး စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်သည့် အခြေအနေတွင် အနာဂတ် လုပ်သားအင်အားစုကို ထူထောင်ရမည်ဟု ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များ အဖွဲ့ချုပ်၏ ဒုဥက္ကဋ္ဌ တာနစ် ဆိုရတ် (Tanit Sorat) က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အမေရိကန်နှင့် ပြည်ပနိုင်ငံများ၏ ကုန်သွယ်ရေးစစ်ပွဲကြောင့် ပြည်တွင်း ဝယ်လိုအားများ ကျဆင်းနေပြီး ပြည်ပ ဖိအားများ မြင့်တက်လာမှု အပါအဝင် ဖြေရှင်းရမည့် အကြောင်းအရာများ ရှိနေသည်ဟု ၎င်းက ပြောသည်။

အလုပ်အကိုင်စျေးကွက် မတည်ငြိမ်မှုကြောင့် လုပ်သားအင်အား စျေးကွက်ကို ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်း တောင်းဆိုမှုများဖြင့် ကိုက်ညီမှုရှိစေရန် အစိုးရအနေမှ အရှိန်မြှင့်လုပ်ဆောင်ဖို့ စီးပွားရေးလုပ်ငန်းရှင်များက တိုက်တွန်းနေကြသည်။

ထိုင်းအလုပ်သမားများ ဆန္ဒပြနေကြစဉ်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က စတင်ခဲ့သည့် ကုန်သွယ်ရေး စစ်ပွဲနှင့် အခွန်တိုးကောက် သည့် အစီအစဉ်များကြောင့်  ပြည်တွင်းဝယ်လိုအား ကျဆင်းမှု အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။

ထို့ကြောင့် ကုန်ထုတ်လုပ်ငန်းများ၊ အထူးသဖြင့် မော်တော်ယာဉ်နှင့် အပိုပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ သည် ဝန်ထမ်းအင်အားများကို လျှော့ချရဖွယ် သို့မဟုတ် လုပ်ငန်းများကို ရပ်နားရဖွယ်ရှိနေသည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်က စက်ရုံပေါင်း ၁၀၀ ကျော် လစဉ် ပိတ်ခဲ့ရပြီး ထိုအခြေအနေသည် ၂ နှစ်ဆက်တိုက် စက်ရုံများ လစဉ်ပိတ်ရသည့် အခြေအနေဖြစ်ကြောင်း Kasikorn သုတေသနစင်တာက ဖော်ပြခဲ့သည်။

ထိုနှုန်းထားသည် ၂၀၂၅ ခုနှစ်တွင်လည်း သေချာပေါက် ဆက်လက် ဖြစ်ပွားဖွယ်ရှိသည်ဟု မစ္စတာ တာနစ်က ပြောသည်။

ထိုင်းနိုင်ငံသားများကိုတွေ့ရစဉ်

“အခုနှစ် ဒုတိယ ၃ လပတ်ကာလ ကုန်မယ့်အချိန်မှာ စက်ရုံတွေ အများအပြား ပိတ်တာကို ကျ‌နော်တို့ တွေ့ရပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။

အထူးသဖြင့် ၂၀၂၃ ခုနှစ်ကတည်းက ရောင်းအားများ ကျဆင်းခဲ့သည့် မော်တော်ယာဉ် လုပ်ငန်းကဏ္ဍတွင် စက်ရုံများ ပိတ်ရဖွယ်ရှိသည်ဟုလည်း တာနစ်က ပြောသည်။

ပြီးခဲ့သည့်နှစ်က ဘဏ်များနှင့် ဘဏ္ဍာရေးကုမ္ပဏီများသည် မော်တော်ယာဉ် လုပ်ငန်းအတွက် ချေးငွေများကို တင်းကျပ်ခဲ့သဖြင့် ပြည်တွင်း မော်တော်ယာဉ်များ ရောင်းအားသည် နှစ်အလိုက် ၂၆ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) က ထုတ်ပြန်ခဲ့သည်။

“ရောင်းအားက ၄ ပုံ ၁ ပုံလောက် ကျဆင်းသွားချိန်မှာ မော်တော်ယာဉ် လုပ်ငန်းရှင်တွေအတွက် အရမ်းစိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ ဖြစ်ပါတယ်။ အချို့ မော်တော်ယာဉ် လုပ်ငန်းတွေဆိုရင် ၂ နှစ်လောက်အထိ လုပ်သား အင်အား မလျှော့ချဘဲ တောင့်ခံထားနိုင်ပေမယ့် ဒီနှစ်ထဲမှာတော့ ထရမ့်ရဲ့ မူဝါဒကြောင့် လုပ်သားအင်အားတွေကို လျှော့ချရပါလိမ့်မယ်” ဟု တာနစ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်