CNI International News

ဘေဂျင်း၊ ဒီဇင်ဘာ ၉

တရုတ်၏ ပြည်တွင်းစီးပွားရေးကို လာမည့်နှစ်တွင် နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ပိုမိုကောင်းမွန်စွာ ချိတ်ဆက်မိ စေရန် လုပ်ဆောင်ပေးမည်ဟု တရုတ်အာဏာရ ကွန်မြူနစ်ပါတီ၏ ပေါ်လစ်ဗျူရိုက ကတိပြုခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

စီးပွားရေးသည် အရည်အသွေးအရ တိုးတက်ကောင်းမွန်သင့်ပြီး ထိရောက်၍ ယုတ္တိကျသည့် ဖွံ့ဖြိုးတိုးတက်မှု ရှိအောင်လည်း လုပ်ဆောင်ရန် ပေါ်လစ်ဗျူရိုက တိုက်တွန်းခဲ့သည်။

ဒီဇင်ဘာ ၈ ရက်တွင် အဖွဲ့ဝင် ၂၄ ဦးပါ ပေါ်လစ်ဗျူရိုက အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် လာမည့်နှစ် စီးပွားရေး လုပ်ငန်းများ၌ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး တိုးတက်မှုများကို ရှာဖွေရန် ပြောကြားခဲ့သည်။

ထို့ပြင် ဘဏ္ဍာရေး မူဝါဒနှင့် ငွေကြေး မူဝါဒတို့အပေါ် အခြေခံပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်၍ အားထုတ်ကြိုးပမ်းကြရန် ပေါ်လစ်ဗျူရိုက တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံအတွင်း တစ်နေရာကိုတွေ့ရစဉ်

မိမိတို့ အနေဖြင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းစဉ်ကို နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေး အခြေအနေတို့ဖြင့်  ပိုမို ကောင်းမွန်စွာ ချိတ်ဆက်နိုင်ရန် လုပ်ဆောင်ဖို့ လိုအပ်သလို ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးတို့ကိုလည်း မြှင့်တင်ရန် လိုအပ်ကြောင်း ပေါ်လစ်ဗျူရိုက ထုတ်ပြန်ခဲ့သည်ဟု နိုင်ငံပိုင် ဆင်ဟွာသတင်းအေဂျင်စီမှ ဖော်ပြခဲ့ သည်။

ပြည်တွင်း ဝယ်လိုအားကို အဓိက မောင်းနှင်အား တစ်ခုအဖြစ် ထိန်းသိမ်းထားရန် လိုအပ်ပြီး နိုင်ငံ့နယ်နိမိတ် အတွင်း ခိုင်မာသည့် ဈေးကွက်တစ်ခု ထူထောင်ရန်၊ ဆန်းသစ် တီထွင်မှုများကို အားပေးရန်၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မောင်းနှင်အား အသစ်များအား ရှာဖွေချဲ့ထွင်ရန် လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

အစဉ်အလာအားဖြင့် ပေါ်လစ်ဗျူရို၏ ဒီဇင်ဘာလ အစည်းအဝေးအပြီးတွင် နှစ်စဉ် ကျင်းပနေကျ ဗဟိုစီးပွားရေး လုပ်ငန်းစဉ်ညီလာခံ ကျင်းပလေ့ရှိသည်။ ထိုညီလာခံတွင် လာမည့်နှစ်အတွက် မူဝါဒများကို ချမှတ်လေ့ရှိသည်။

လာမည့်နှစ် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်ရေးသည် ရုန်းကန်ရဖွယ်ရှိပြီး နိုင်ငံခြား ကုန်သွယ်ရေးကို တည်ငြိမ်အောင် လုပ်ဆောင်ရန်၊ အထူးသဖြင့် အမေရိကန်နှင့် ကုန်သွယ်မှု ဆက်ဆံရေးကို ထိန်းသိမ်းရေးသည် ကွန်မြူနစ်ပါတီ၏ ဦးစားပေး ကိစ္စများထဲတွင် ပါဝင်ကြောင်း တရုတ်၏ Economist Intelligence Unit ကုမ္ပဏီ၏ စီးပွားရေးပညာရှင် ဆူယွီ (Su Yue) က ပြောကြားခဲ့သည်။

Source: South China Morning Post