ဒါကာ၊ ဧပြီ ၆

CNI International News

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အီရန်စစ်ပွဲ၏ နောက်ဆက်တွဲ စွမ်းအင် အကျပ်အတည်းဒဏ်ကို အဆိုးရွားဆုံး ခံစားရနိုင် သည့် နိုင်ငံဖြစ်လာပြီး လောင်စာဆီ ပြတ်လပ်မှုနှင့် ပထမဆုံး ရင်ဆိုင်ရနိုင်ခြေရှိနေသည်ဟု The Nation မှ ဖော်ပြခဲ့သည်။

အီရန်စစ်ပွဲကြောင့် အာရှတစ်လွှား ရေနံနှင့် သဘာဝဓာတ်ငွေ့ (LNG) ရရှိနိုင်မှုအပေါ် စိုးရိမ်ချက်များ မြင့်တက် နေစဉ်အတွင်း စွမ်းအင်တင်သွင်းမှုအပေါ် အဓိကမှီခိုနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လောင်စာဆီသုံးစွဲမှုကို စတင်ကန့်သတ်လျက်ရှိသည်။

လက်ရှိတွင် လူဦးရေ ၁၇၅ သန်းရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတစ်ဝန်းရှိ ဆီဆိုင်များ၌ ဆီတန်းစီ စောင့်ဆိုင်းနေရ သည့် မြင်ကွင်းများသည် နေ့စဉ် လူမှုဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာနေပြီဖြစ်သည်။

အထူးသဖြင့် ဆိုင်ကယ် စီးသူများသည် ဆီဖြည့်ရန်အတွက် နှစ်နာရီခန့်အထိ စောင့်ဆိုင်းနေရပြီး ဒါကာ (မြို့တော်) တွင်လည်း လောင်စာဆီ အရန်သင့် ရှိမှုအပေါ် စိုးရိမ်မှုများကြောင့် လမ်းမပေါ်၌ မော်တော်ယာဉ် သွားလာမှုများ သိသိသာသာ လျော့နည်းသွားခဲ့သည်။

 စက်သုံးဆီထည့်ရန် တန်းစီစောင့်နေကြစဉ်

အစိုးရအနေဖြင့် လောင်စာဆီ ပြတ်လပ်မှုဒဏ်ကို လျှော့ချနိုင်ရန် မော်တော်ယာဉ်များကို ဆီခွဲတမ်းဖြင့် ရောင်းချ ခြင်း၊ ဒီဇယ်ရောင်းချမှု ကန့်သတ်ခြင်းနှင့် တက္ကသိုလ်များအား ပိတ်ထားခြင်း စသည့် အရေးပေါ် အစီအစဉ်များကို စတင်ကျင့်သုံးနေပြီ ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် စွမ်းအင်လိုအပ်ချက် ၉၅ ရာခိုင်နှုန်းခန့်ကို ပြည်ပမှ တင်သွင်းနေရသဖြင့် ဟော်မုဇ် ရေလက်ကြား ကဲ့သို့သော ရေနံသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပိတ်ဆို့မှု၏ နောက်ဆက်တွဲ ဂယက်ကို ဆိုးရွားစွာ ခံစားနေရသည်။

လွန်ခဲ့သည့် လကုန်ပိုင်းအထိ နိုင်ငံအတွင်းရှိ အရှေ့ပိုင်း ရေနံချက်စက်ရုံတွင် ရေနံစိမ်း တန်ချိန် ၈၀,၀၀၀ ခန့်သာ ကျန်ရှိတော့သဖြင့် ပြည်တွင်း သုံးစွဲမှုအတွက် သီတင်းနှစ်ပတ်ခန့်သာ ခံတော့မည်ဖြစ်ကြောင်း သိရသည်။

 စက်သုံးဆီထည့်ရန် တန်းစီစောင့်နေကြစဉ်

အစိုးရအရာရှိတစ်ဦး၏ အဆိုအရ နိုင်ငံအတွင်း ရေနံ အရန်သင့်ရှိမှုမှာ ၁၀ ရက်စာအောက်သာ ကျန်ရှိတော့ပြီး ဈေးကွက်အတွင်း ဈေးကြီးပေး၍ ဝယ်ယူနေရခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများလည်း များစွာကုန်ကျနေ ကြောင်း သိရသည်။

အခြေအနေများ ပိုမိုဆိုးရွား မလာစေရန် ဘင်္ဂလားဒေ့ရှ်အစိုးရသည် စင်္ကာပူ၊ မလေးရှား၊ နိုင်ဂျီးရီးယားနှင့် ဩစတေးလျ အပါအဝင် အခြား နိုင်ငံများထံမှ လောင်စာဆီ တင်သွင်းနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့ပြင် ရုရှားနိုင်ငံမှ ဒီဇယ်တန်ချိန် ၆၀၀,၀၀၀ အထိ တင်သွင်းနိုင်ရန်အတွက် အမေရိကန်၏ ပိတ်ဆို့အရေးယူမှု ကင်းလွတ်ခွင့် ရရှိရန်လည်း မျှော်လင့်နေသည်။

Source: The Nation