CNI International News
ဘန်ကောက်၊ ဧပြီ ၆
အကျပ်အတည်းများကြား ကျင်းပခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲအလွန် မြန်မာနိုင်ငံ၏ ရှေ့ဆက်မည့် လမ်းကြောင်းကို ပြည်တွင်း/ပြည်ပက မျက်ခြေမပြတ် စောင့်ကြည့်နေကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့ သည်။
၂၀၂၁ ခုနှစ် ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်သည့် အငြင်းပွားမှုများနှင့် နောက်ဆက်တွဲ ဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု၊ စီးပွားရေးနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် ကြီးမားစွာ သက်ရောက်စေခဲ့သည်။
ထိုဖြစ်ရပ်များသည် အာဆီယံ အသိုင်းအဝိုင်း အတွင်း၌လည်းကောင်း၊ ဒေသတွင်းရှိ အိမ်နီးချင်းနိုင်ငံများ အတွက် လည်းကောင်း ကြီးမားသော စိန်ခေါ်မှုများကို ဖြစ်ပေါ်စေခဲ့သည်။
ထိုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသည့်ကြားမှပင် မြန်မာနိုင်ငံ၏ အစဉ်အလာများနှင့်အညီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲအပြီးတွင် အုပ်ချုပ်ရေး အဖွဲ့အစည်းအသစ်များ ပေါ်ပေါက်လာခဲ့ သည်။
အငြိမ်းစား စစ်ဘက်အရာရှိများ ဖြစ်ကြသော ဦးမင်းအောင်လှိုင်နှင့် ဦးညိုစော၊ ကရင်ပြည်နယ်မှ ဒေါ်နန်းနီနီအေး တို့ သုံးဦးကို ဒုတိယသမ္မတများအဖြစ် ခန့်အပ်တာဝန်ပေးခဲ့သည်။
အစိုးရသစ်ကို ဦးဆောင်ရန်အတွက် ဦးမင်းအောင်လှိုင်သည် ထိပ်တန်းကိုယ်စားလှယ်လောင်း တနည်းအားဖြင့် သမ္မတ ဖြစ်လာခဲ့သည်။
ဦးညိုစောနှင့် ဒေါ်နန်းနီနီအေးတို့သည်လည်း ၎င်းနှင့်အတူ ဒုတိယသမ္မတများအဖြစ် တာဝန်ထမ်းဆောင်ကြ လိမ့်မည် ဖြစ်သည်။

မြန်မာဒုသမ္မတ ဦးညိုစောကို တွေ့ရစဉ်
ဒေသတွင်းနှင့် နိုင်ငံတော် တည်ငြိမ်မှုကို ပြန်လည်ဖော်ဆောင်ရန် ရည်ရွယ်သည့် တရားဝင် လုပ်ငန်းစဉ်များမှ တဆင့် ထွက်ပေါ်လာသော ခေါင်းဆောင်များ ဖြစ်သည့်အတွက် ၎င်းတို့ကို နိုင်ငံရေး ယဉ်ကျေးမှုနှင့် အပြုသဘော ဆောင်သည့် ထိတွေ့ဆက်ဆံမှု ဘောင်အတွင်းမှ လက်ခံကြပေမည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုသည့် မဏ္ဍိုင်ကြီးများကို ပြန်လည် အသက်သွင်းခြင်းသည် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိခြင်းကို အမှတ်အသားပြုနေပြီး ထိုခြေလှမ်းကို လူအများက သတိထား စောင့်ကြည့်ရင်း အကောင်းမြင်စိတ်ဖြင့် ကြိုဆိုကြဖွယ်ရှိသည်။
နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုများ အပြီးတွင် နိုင်ငံတော် တည်ငြိမ်မှုနှင့် စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အတွက် အစိုးရသစ် အပါအဝင် နိုင်ငံတော်၏ မဏ္ဍိုင်အားလုံးသည် ပြည်သူကို ဗဟိုပြုသည့် ချဉ်းကပ်မှုဖြင့် လက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်ပြီး တည်ရှိပြီးသား နိုင်ငံတကာ ကုန်သွယ်ရေး လမ်းကြောင်းများနှင့်လည်း ပြန်လည် ချိတ်ဆက်ရမည်ဖြစ်သည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ရှိနေသည့်ကြားမှပင် ပွင့်လင်းမြင်သာသော အုပ်ချုပ်မှုကို မြှင့်တင်ခြင်းဖြင့် ထိုစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် ကြိုးပမ်းရမည် ဖြစ်သလို ပြည်သူ့ဆန္ဒအား ထင်ဟပ်သည့် ဖက်ဒရယ်ဒီမိုကရေစီ စနစ်ဆီသို့လည်း ရှေးရှုတက်လှမ်းရမည် ဖြစ်သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ပဋိပက္ခများ ချုပ်ငြိမ်းသွားရန်နှင့် ထာဝရငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အလားအလာများ ပေါ်ပေါက်လာစေရန်အတွက် တစ်နိုင်ငံလုံးက မျှော်လင့်ချက်ကြီးစွာဖြင့် ဆက်လက် စောင့်ကြည့်လျက်ရှိသည်။
Source: ဘန်ကောက်ပို့စ်
