CNI International News
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၈
ထိုင်ဝမ်ပြည်ထဲရေးဝန်ကြီးဌာနသည် ထိုင်းနိုင်ငံကို ခရီးသွားများအတွက် အန္တရာယ်များသည့် အရှေ့တောင်အာရှ ၅ နိုင်ငံစာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ထိုင်ဝမ်မှ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများသည် အန္တရာယ်များသည့် နိုင်ငံများအဖြစ် သတ်မှတ်ထားပြီး ထိုနိုင်ငံများသို့ ခရီးသွားမည့် ခရီးသည်များ၏ လေယာဉ် လက်မှတ်များပေါ်တွင် သတိပေး ချက်များကို မြင်တွေ့ရမည်ဖြစ်သည်။
ခရီးသွားလာရေးအတွက် လုံခြုံရေး အက်ပလီကေးရှင်းများကို ဒေါင်းလုပ်ဆွဲသွားရန်လည်း အကြံပြုထားကြောင်း Taiwan News မှ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဖော်ပြခဲ့သည်။
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ကမ္ဘောဒီးယား ဒါမှမဟုတ် မြန်မာနိုင်ငံတွေမှာရှိတဲ့ ကျားဖြန့်စင်တာတွေမှာ အလုပ်လုပ်ဖို့ ထိုင်ဝမ်ဒေသခံတွေ လိမ်ညာခေါ်ယူခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်” ဟု ထိုင်ဝမ် ပြည်ထဲရေး ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် မြန်မာနိုင်ငံသည် ကျားဖြန့်စင်တာတစ်ခုမှ ပြည်ပနိုင်ငံသား ၂၆၀ ကို ပြန်လွှတ်ပေး ခဲ့ပြီး ၎င်းတို့အနက် ထိုင်ဝမ်ဒေသခံ ၇ ဦး ပါဝင်ခဲ့သည်။ ၎င်းတို့သည် ထိုင်ဝမ်သို့ မပြန်မီ ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုကို ခံခဲ့ရသည်။
ထိုင်းခရီးသွားကိုတွေ့ရစဉ်
“အမျိုးသား လူဝင်မှုအေဂျင်စီနဲ့ လေကြောင်းရဲတပ်ဖွဲ့ဗျူရိုတို့ဟာ ထိုင်ဝမ်ခရီးသွားတွေကို ပြည်ပက ကျားဖြန့် စင်တာတွေဆီ မသွားဖို့အတွက် လေဆိပ်တွေမှာ လုံခြုံရေး လုပ်ထုံးလုပ်နည်းတွေကို အရှိန်မြှင့်တင်သွားမှာပါ” ဟု ထိုင်ဝမ်ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လေကြောင်းလိုင်းများကိုလည်း ထိုအားထုတ် ကြိုးပမ်းမှုတွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်းသွားမည်ဖြစ်ပြီး အီလက်ထရောနစ် လက်မှတ်များပေါ်၌ သတိပေးချက်များ ဖော်ပြရန် ညွှန်ကြားထားသည်။
ထို့ပြင် ၂၀၂၂ ခုနှစ်ကတည်းက ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခရီးသွားလာမှုဆိုင်ရာ လုံခြုံရေးလမ်းညွှန်ချက် များ ပါရှိသည့် အက်ပလီကေးရှင်း တစ်ခုကိုလည်း ဒေါင်းလုပ်ဆွဲရန် အာဏာပိုင်များက ခရီးသွားများကို အကြံပြု ထားသည်။
Source: The Nation