CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၈

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)များတွင် ကရင်နယ်ခြားစောင့် တပ်(BGF) အနေဖြင့် ရှယ်ယာထည့်ကာ အကျိုးအမြတ် ယူထားခြင်းမရှိကြောင်း BGF ၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် ကျားဖြန့်လုပ်ငန်းများတွင် BGF အနေဖြင့် လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘဲ မြေငှားရမ်းရုံ သာ ဖြစ်ကြောင်း၊ မြေရှင်ဖြစ်နေသည့်အတွက် ကျားဖြန့်လုပ်ငန်းတွင် ပါဝင်သည်ဟု စွပ်စွဲခံရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က “ကျနော်တို့က မြေငှားတာပဲ။ ဒီအပေါ်မှာ အဆောက်အဦ လာဆောက်တာလည်း တရုတ်နိုင်ငံဘက်က လာဆောက်တယ်။ သူတို့ဘာသာသူတို့ ရင်းနှီးမြှုပ်နှံတယ်။ သူတို့ဘာသာ သူတို့ ဒီအလုပ်တွေ လုပ်တယ်။ ကျနော်တို့က လုံးဝ ပါဝင်ပတ်သက်တာမရှိဘူး။ ကျနော်တို့က မြေငှားသက်သက်ပဲ။ ကျနော်တို့က တော့ လုံးဝ ပတ်သက်ခြင်းမရှိဘူး။ ကျနော်တို့ကိုယ်တိုင် လုပ်ငန်းတွေမှာ ရှယ်ယာထည့်ဝင်ပြီး အကျိုးအမြတ်ယူ နေတာလည်း မရှိဘူး။ ကျနော်တို့က မြေကြီးကိုငှားတယ်။ ဒီအပေါ်မှာ အဆောက်အဦဆောက်တယ် ဒီသဘော တရားပဲ။ ဥပမာ ခြံဝင်းတစ်ခြံကို ငှားလိုက်တယ်။ ဒီအပေါ်မှာ လူတစ်ယောက်က အိမ်ဆောက်တယ်။ အဲဒီအိမ်ပေါ် မှာ မကောင်းမှုလုပ်တာ တစ်ခုခုဆို မြေပိုင်ရှင်နဲ့ ပတ်သက်မှုရှိသလားဆိုတာ ဥပမာပြောပြတာပေါ့။ အဆင်မပြေ တဲ့ လူကတော့လည်း မျိုးစုံစွပ်စွဲ ပြောဆိုနေမှာပဲလေ။ ဒါကတော့ ရှင်းရှင်းပြောရရင် ကျနော်တို့က မြေရှင်ဖြစ်တာ ကို။ မြေရှင်ဖြစ်တော့ အနီးစပ်ဆုံး စွပ်စွဲခံရတာ မဆန်းပါဘူး။ ဒါပေမယ့် ကျနော်တို့ ပထမ ပြောထားပြီးသားပဲ ဒီကိစ္စမှာ လုံးဝ ပါဝင်ပတ်သက်ခြင်းမရှိဘူး” ဟု ပြောသည်။

 ထိုင်းဘက်ကို ကျားဖြန့်ဂိုဏ်းမှ အလုပ်သမားများကို ပို့နေစဉ်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီး မစ္စတာလျှိုကျုံးရီသည် မြဝတီမြို့သို့ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့ က ရောက်ရှိလာခဲ့သည်။

ထို့နောက် မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုလ်နှင့်မြဝတီမြို့များမှ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် အပါအဝင် လူကုန်ကူး ခံထားရသူများ ကယ်ထုတ်နိုင်ရေးအတွက် ထိုင်း-တရုတ်-မြန်မာ သုံးနိုင်ငံ အစည်းအဝေး ပြုလုပ်ခဲ့ ကြကာ ရလဒ်ကောင်းများ ရခဲ့ကြောင်း BGF ၏ သတင်းထုတ်ပြန်ရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က CNI သတင်းဌာနသို့ ပြောသည်။

ကျားဖြန့်သည် သတင်းများပေါ်တွင်သာ ကြောက်စရာကောင်းခြင်းဖြစ်ပြီး တကယ့်တကယ်မှာ ဘာမှမဟုတ် ကြောင်း ၎င်းက ဆက်ပြောသည်။

BGF က ကျားဖြန့်ဂိုဏ်းကို စစ်ဆေးနေစဉ်

ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က “ထူးတာကတော့ နေရပ်ပြန်ရေးကိစ္စတွေ၊ ဒီမှာလည်း အလုပ်လုပ်နေပြီ ဆိုတာ သိတော့ ဘာမှထွေထွေထူးထူး မပြောဘူး။ မြန်မာနိုင်ငံ တာဝန်ရှိသူတွေ၊ ထိုင်းနိုင်ငံ တာဝန်ရှိသူတွေ၊ တရုတ်နိုင်ငံ တာဝန်ရှိသူတွေ အဲဒီ ၃ ဖွဲ့ ဆွေးနွေးတာပေါ့။ ဒါပေမယ့် ရလဒ်ကောင်းတွေ ရတယ်လို့တော့ သိရပါတယ်။ လက်ရှိ ကတော့ ကျနော်တို့ ဖမ်းဆီးရမိထားတာ ၂၀၀၀ ကျော်နေပြီ။ ဒါက နေ့တိုင်းလုပ်နေတာပေါ့။ အခုကတော့ စစ်ဆေး နေဆဲပေါ့။ စစ်ဆေးပြီးတာကတော့ ပြန်ပို့ဖို့ အသင့်ဖြစ်နေတာကတော့ ၁၀၀၀ ကျော်ကျော်ရှိပြီ။ ကျားဖြန့်တွေ ပိုပိုများတာက သတင်းတွေအရပေါ့။ သတင်းတွေပေါ်မှာလည်း ဖတ်ရင်တော့ ကြောက်စရာကောင်းတာပေါ့။ အရင်တုန်းက ကျနော်တို့ မြဝတီမြို့လိုပေါ့ သတင်းတွေ ဖတ်ပြီးမလာရဲကြဘူး။ ဒီတိုင်းပါပဲ။ တကယ်တမ်း လာကြည့်တော့လည်း ဘာမှမဟုတ်ပါဘူး။ ကျနော်တို့ ဒီဘက်ခြမ်းမှာက သတင်းတွေကြောင့်ပါ။ တစ်ခုခုဆို ရွှေကုက္ကိုလ်ပဲ ခေါင်းစဉ်တပ်လို့ ကောင်းနေတော့ ရွှေကုက္ကိုလ်ပဲ လက်ညှိုးထိုးစရာရှိနေတာပေါ့ ဒီသဘောတရား ပါပဲ” ဟု ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက်နေ့က သုံးနိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နှင့် KK Park နယ်မြေများသို့ သွားရောက်၍ ကျားဖြန့်ဂိုဏ်းများမှ လူကုန်ကူးခံထားရသူများကို တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ထို့နောက် သုံးနိုင်ငံကိုယ်စားလှယ်များသည် မြဝတီမြို့၌ ထိန်းသိမ်းထားသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာ နိုင်ငံများသို့ အမြန်ဆုံး လွှဲပြောင်းပေးအပ်နိုင်ရေး ဆွေးနွေးခဲ့ကြကာ ဥပဒေနှင့်အညီ ပြန်လည် လွှဲပြောင်းပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိမှာတော့ BGF သည် ကျားဖြန့်နှိမ်နင်းရေးအဖွဲ့များ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိနေသည်။