CNI News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်အတွင်းရှိ ကျားဖြန့်လုပ်ငန်းများမှ ဖမ်းဆီးရမိထားသူများအား ထိန်းသိမ်းစောင့်ရှောက် ရာတွင် အခက်အခဲများရှိကြောင်း ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ဖမ်းဆီးရမိထားသည့် လူဦးရေ ထောင်ကျော်ကို ထိန်းသိမ်းထားရခြင်းမှာ တာဝန်ကြီးကြောင်းနှင့် နေရပ်သို့ အမြန်ဆုံး ပြန်ပို့နိုင်မည်ဆိုပါက အခက်အခဲမရှိကြောင်း ၎င်းက ပြောသည်။
ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်က “လက်ရှိ အခုပြန်ပို့မယ့် နေရာမှာ ပြန်ပို့ဖို့အတွက် စောင့်ဆိုင်းနေတဲ့ နေရာမှာ မြဝတီမြို့ စည်းကမ်းထိန်းသိမ်းရေးက လက်ခံရတာကို။ အဲဒီလို လက်ခံတဲ့အခါ ခုနက လူတွေ အရေအတွက် များလာတာနဲ့အမျှ ချက်ပြုတ်ကျွေးမွေးရတာ တစ်နေ့ကို ၃ နပ် ကျွေးတယ်။ နောက်ပြီး ကျန်းမာရေး စောင့်ရှောက် မှုတွေ တချို့တွေ ကျန်းမာရေး မကောင်းဘဲနဲ့ ၉၆ ပါးရောဂါနဲ့ ပါလာတဲ့လူတွေရှိတယ်။ အဲဒီသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးရတယ်။ အစစ အရာရာပေါ့။ တွေးကြည့်ပေါ့ ကျနော်တို့ လူ ၁၀၀၀ ကျော်ကို နေရာတစ်ခု တည်းမှာ ထားထား ရတယ်ဆိုတာက တော်တော်လေးကို ဝန်ကြီးတယ်လေ။ အခက်အခဲတွေတော့ အများကြီးရှိ တာပေါ့။ လက်ရှိကတော့ ကျနော်တို့ အမြန်ဆုံး ပြန်ပို့နိုင်ရင်တော့လည်း တစ်သုတ်ပြီးတစ်သုတ် အချိန်မကြာဘဲ ပြန်ပို့နိုင်ရင်တော့ ကျနော်တို့အတွက် အခက်အခဲ သိပ်မရှိဘူးပေါ့။ ကျနော်တို့ကတော့ နှိမ်နင်းရေးက လုပ်သွား မှာပဲ။ တစ်ဖက်က ပြန်လည်လက်ခံတဲ့အပေါ်မှာ မူတည်တယ်။ ပြန်လည်လက်ခံတာ စောစောများများ လက်ခံနိုင် ရင် စောစောပြီးသွားမယ်။ ဒီအပေါ်မှာမှ အခက်အခဲတွေက အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ ဆက်စပ်မှုမရှိတဲ့ သံရုံးတွေက နိုင်ငံသားတွေဆိုရင်တော့ ပြန်ပို့ဖို့က နည်းနည်း အခက်အခဲရှိတယ်ပေါ့” ဟု ပြောသည်။
တရုတ်ဒုဝန်ကြီး မြဝတီကို ရောက်လာပြီး ကျားဖြန့်လုပ်ငန်းလူတွေကို တွေ့ဆုံစဉ်
ထိုသို့ ပြန်ပို့ရန် အခက်အခဲရှိသည့် နိုင်ငံသားများကိုမူ မြန်မာဘက်အခြမ်းမှ တာဝန်ရှိသူတို့၏ အစီအစဉ်ဖြင့် ပြန်လည်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသူ ၂၀၀၀ ကျော်ရှိပြီး တစ်ဦးချင်းစီကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရာတွင် ထိုင်း ဗီဇာဖြင့် ဝင်ရောက်လာကြသူများ ဖြစ်ကြကြောင်း၊ ထိုထဲတွင် တရုတ်နိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။
ထိုင်းအာဏာပိုင်များမှ ကျားဖြန့်များအား နှိမ်နှင်းရန် မြဝတီမြို့ အပါအဝင် ထိုင်း-မြန်မာနယ်စပ် နေရာ ၅ ခုကို ဖေဖော်ဝါရီ ၅ ရက်နေ့မှ စတင်ကာ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားသည်။
ထို့နောက်၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်ကာ မိုဘိုင်းဖုန်း၊ အင်ဗက်တာ၊ ဆိုလာပြား စသည့် လျှပ်စစ်ပစ္စည်းများ အပါအဝင် ထိုင်းနိုင်ငံ၏ ထုတ်ကုန် ၁၂ မျိုးကိုလည်း မြန်မာပြည်ထဲ တင်ပို့ခွင့်ကို ပိတ်ပင်ထား သည်။
ထိုကိစ္စကြောင့် ဒေသခံပြည်သူများ အခက်အခဲဖြစ်နေရသည့်အတွက် တာဝန်ရှိ အကြီးအကဲများအနေဖြင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ကရင်ပြည်နယ်နယ်ခြားစောင့်တပ်(BGF)၏ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
ထိုင်း-မြန်မာ-တရုတ် သုံးနိုင်ငံ ဆွေးနွေးနေစဉ်
၎င်းက “အဓိကကတော့ ကျနော်တို့အတွက် မဟုတ်ပါဘူး။ ကျနော်တို့ မြင်နေရတယ် မြေပြင်မှာ ကျနော်တို့ ဒေသမှာ ကျနော်တို့ရှိတဲ့အတွက် ကျနော်တို့ဒေသက ပြည်သူ ကျနော်တို့ချစ်တယ်။ ကျနော်တို့ဒေသက ပြည်သူ တွေ ဒီလိုအခက်အခဲဖြစ်နေရတာ နေ့တိုင်းမြင်နေရတာ အရမ်းဝမ်းနည်းတယ်။ ကျားဖြန့် အရေးနဲ့ပတ်သက်ပြီး ကျနော်တို့ အရှိန်အဟုန်နဲ့လုပ်နေပြီ။ အလုပ်လုပ်ပြနေပြီ။ ပါးစပ်နဲ့ပြောတာ မဟုတ်ဘူး။ လက်တွေ့ အကောင် အထည်ဖော်နေပြီ။ ဒါကိုလည်း အကုန်လုံးသိတာပဲ။ ကျနော်တို့ သေသေချာချာ လုပ်နေတယ်။ ၃ နိုင်ငံတောင်မှ ကျနော်တို့နိုင်ငံထဲမှာ လက်ရှိ မြဝတီမြေပေါ်မှာ နယ်စပ်ပေါ်မှာ ကျနော်ကြုံဖူးတာဆို ဒါပထမဦးဆုံးပဲ။ ထိုင်းနဲ့ မြန်မာနိုင်ငံ ဆွေးနွေးတာကတော့ ခဏခဏ တွေ့ဖူးပါတယ်။ အခုလို ထိပ်ပိုင်း ခေါင်းဆောင်တချို့တွေ ဒီလို လာဆွေးနွေးတာ ပထမဆုံးပဲ။ ဒါက ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ အကြီးအကဲတွေက အသိအမှတ် ပြုတယ်လို့မှတ်ယူပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးရမိသူများထဲမှာ လူဦးရေ ၁၀၀၀ ကျော်အား နေရပ်ပြန်ပို့ရေးကို လုပ်ဆောင်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့က မြန်မာ-ထိုင်း-တရုတ် ၃ နိုင်ငံမှ အဆင့်မြင့် ကိုယ်စားလှယ်များသည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊မြဝတီမြို့၊ ရွှေကုက္ကိုလ်မြို့နှင့် KK Park နယ်မြေများသို့ သွားရောက်၍ ကျားဖြန့် ဂိုဏ်းများမှလူကုန်ကူးခံထားရသူများကို တွေ့ဆုံခဲ့ကြသည်။
ထို့ပြင် မြန်မာ-ထိုင်းနယ်စပ်ရှိ ရွှေကုက္ကိုလ်နှင့်မြဝတီမြို့များမှ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းရန် အပါအဝင် လူကုန်ကူး ခံထားရသူများ ကယ်ထုတ်နိုင်ရေးကိုလည်း အစည်းအဝေးပြုလုပ်ခဲ့ကြကြောင်း သိရသည်။