CNI News

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကချင်လွတ်လပ်‌ရေးတပ်မတော်(KIA) မဝင်ရောက် လာရေးနှင့် မနှောင့်ယှက်ရန် ပြောထားသည်ဟု နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/ AM)အဖွဲ့က စာပို့၍ ပြောကြားထားကြောင်း သိရသည်။

NSCN-K/AM အဖွဲ့သည် တည်ငြိမ်နေသော နာဂဒေသကို ဆက်လက်၍ တည်ငြိမ်အေးချမ်းစေရန် ထိန်းသိမ်းလျက် ရှိသလို ဖွံ့ဖြိုးမှု နိမ့်ကျနေခြင်းကိုလည်း ပြန်လည်ကုစားနိုင်ရေးအတွက် မြန်မာ့တပ်မတော်၊ အိန္ဒိယအစိုးရ တို့ဖြင့် ငြိမ်းချမ်းရေး ဆွေးနွေးနေသည်ဟု NSCN-K/AM မှ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဥက္ကဋ္ဌ ဦးချင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ဦးချင်းအောင်က “ ဟုတ်ကဲ့ပါ ကျနော်တို့ကတော့ ဘာပဲဖြစ်ဖြစ် လောလောဆယ်ကတော့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော်တို့ဒေသမှာ အခု အဖွဲ့အစည်း အများကြီး ရှိနေတဲ့အတွက်ကြောင့်မလို့ သူတို့ အဖွဲ့တွေနဲ့ လည်း ကျနော်တို့ ချိတ်ဆက်နေတယ်။ ကျနော်တို့ KIA ဘာညာကိုလည်း ချိတ်ဆက်ထားတယ်။ သူတို့ကိုလည်းပဲ ကျနော်တို့ကတော့ နာဂဒေသကို လုံးဝ အနှောင့်အယှက်မပေးပါနဲ့ဆိုတဲ့ အတိုင်းအတာကို ကျနော်တို့ ချိတ်ဆက် နေတာရှိတယ်”ဟု ပြောသည်။

KIA – PDF ကိုတွေ့ရစဉ်

NSCN-K/AM သည် KIA ကို စာပို့၍ နာဂဒေသကို မဝင်ရောက်လာရန်နှင့် တည်ငြိမ်မှုပျက်ပြားအောင် မလုပ်ရန် ပြောကြားထားသော်လည်း လူချင်းတွေ့ဆုံ ဆွေးနွေးမှု မလုပ်ရသေးကြောင်း၊ KIA ဘက်ကလည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားမှုမရှိသေးကြောင်း သိရသည်။

KIA သည် နာဂဒေသနှင့် ခန္တီးမြို့နယ်အတွင်းမှာ စစ်ရေးလှုပ်ရှားလျက်ရှိပြီး ၂၀၂၁ ခုနှစ်၊ မေလ ၂၂ ရက် ခန္တီးမြို့နယ် နမ်စီမွန်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သေးသည်။

နာဂဒေသနှင့် ခန္တီးမြို့နယ်အတွင်းမှာ KIA က စစ်သင်တန်းပေး၍ လက်နက်ခဲယမ်း ထောက်ပံ့ပေးထားသော နာဂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)နှင့် အရှေ့နာဂကာကွယ်ရေးတပ်မတော်(ENDA/ENNO)တို့ လှုပ်ရှားကာ တိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။

ထို့အပြင် နာဂဒေသတွင် NSCN-K/AM ၊ ယုံးအောင်ဦးဆောင်သည့် NSCN-K/YA၊ အိုက်ဇက်ချီရှီဆူနှင့် ဗွီဗား ဦးဆောင်သည့် NSCN-IM၊ ဟန်ရှီရမ်ဆန် ဦးဆောင်သည့် NSCN-HS တို့လည်း အခြေစိုက် လှုပ်ရှားလျက်ရှိသည်။

နာဂဒေကို အေးချမ်းသည့်၊ ငြိမ်းချမ်းသည့် ဒေသအဖြစ် အမြဲထိန်းသိမ်းထားရန် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့မှာ ကျင်းပခဲ့သည့် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်စဉ် ပြောကြားထားသည်။